၁၀ မတ်
အာဖဂန်သမ္မတ အာရှာဖက် ဂါနီက တာလီဘန်စစ်သွေးကြွအုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုကို ဒုတိယသက်တမ်းအတွင်း ပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ယမန်နေ့က ကဘူးလ်ရှိ သမ္မတ အိမ်တော် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် ဂါနီက အာဖဂန်နိုင်ငံသားများ အားလုံးအတွက် ကြိုးစားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
သမ္မတအိမ်တော်၏ အနီးတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပြီး တက်ရောက်သူအချို့သည် ပုန်းအောင်းရန် ထွက်ပြေးခဲ့ကြသော်လည်း ဂါနီသည် ခေတ္တနားပြီးနောက် ၎င်း၏ မိန့်ခွန်းကို ပြန်လည်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လနှောင်းပိုင်းက အမေရိကန်နှင့် တာလီဘန်တို့သည် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဆွေးနွေးမှုများပြုလုပ်ရန် သမ္မတဂါနီက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး စီမံခန့်ခွဲရန်အတွက် အဖွဲ့တစ်ဖွဲ့ကို စီစဉ်ထားသော်လည်း အင်္ဂါနေ့ထက်စောပြီး မကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တာလီဘန်အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်ပြီး မကြာမီညွှန်ကြားချက်များပေးရန်လည်း စီစဉ်ထားကြောင်း ဂါနီက ပြောကြားခဲ့သည်။
ဂါနီ၏ အစိုးရသည် ရှေ့ဆကဦးဆောင်ရန်အတွက် မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေရသည်။ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ယခင်အမှုဆောင် အရာရှိဟောင်းဖြစ်သူ အဗ္ဗဒူလာအဗ္ဗဒူလာသည် မသမာမှုများပြုလုပ်ခဲ့သည်ဟု ဂါနီက ပြောကြားခဲ့သည်။
အဗ္ဗဒူလာအဗ္ဗဒူလာသည် ဂါနီ၏ သက်တမ်းအသစ်ကို အသိအမှတ်ပြုရန်ငြင်းဆန်ခဲ့ပြီး ယမန်နေ့က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် အဗ္ဗဒူလာအဗ္ဗဒူလာကို ထောက်ခံသူများက သီးခြား ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။
နိုင်ငံရေးမငြိမ်မသက်မှုများသည် အာဖဂန်နစ္စတန်မှ အမေရိကန်စစ်တပ်များကို အပြည့်အဝ ရုပ်သိမ်းပေးရန် ပါဝင်သည့် အမေရိကန်-တာလီဘန် သဘောတူညီချက်အပေါ် သက်ရောက်မှု ရလာနိုင်ကြောင်း စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


