အီသီယိုးပီးယားနိုင်ငံ၏ ကျယ်ပြန့်သော လေကြောင်းတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် အာဖရိက၏ ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာစေရေး အစိတ်အပိုင်းတစ်ခုအဖြစ် အဓိကလေဆိပ်စီမံကိန်း ဆောက်လုပ်ရခြင်းဖြစ်သည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ်က ဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။
အဆိုပါလေဆိပ်ကို လေးနှစ်တာကာလအတွင်း ပထမအဆင့်ဆောက်လုပ်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ ကို အဆင်ပြေစွာ စီမံခန့်ခွဲပေးနိုင်မည်ဖြစ်ပြီး လုံးဝပြီးစီးသွားပါက နှစ်စဉ် ခရီးသည်ပေါင်း သန်း ၁၁၀ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ အဒစ္စအဘာဘာ ဘိုးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နှစ်စဉ်ခရီးသည် ၂၅ သန်းကို ဝန်ဆောင်မှုပေးနိုင်ပြီး မကြာမီတိုးတက်မှုအရှိန်ဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်သို့ ရောက်ရှိတော့မည်ဟု ဝန်ကြီးချုပ်က ပြောသည်။
လေဆိပ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်တွင် အဓိကခရီးသည်ဝင်ပေါက်ကြီး နှစ်ခုရှိမည်ဖြစ်ကာ လေဆိပ်တွင် လေယာဉ်အစင်းပေါင်း ၁၈၀ ရပ်နားနိုင်မည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်တစ်ခု ပါဝင်မည်ဖြစ်ပြီး ကုန်စည် တန်ချိန် ၁ ဒသမ ၅ သန်းကို စီမံနိုင်မည်ဟု အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စုမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်စ်ဖင်တက်ဆောက ပြောသည်။
လေဆိပ်ကြီးဆောက်လုပ်ပြီးစီးသွားပါက အီသီယိုးပီးယားလေကြောင်းလိုင်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုကို အားကောင်းစေကာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးစင်္ကြံကို ကျယ်ပြန့်စေမည်ဖြစ်သည်။
ဆင်ဟွာ


