ထီးချိုင့် ၂၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီချိုင့်မြို့နယ် ဒိုးပင်ကျေးရွာတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးကြပ်၍ ယနေ့နံနက် ၁၁ နာရီအချိန်တွင် အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားနိုင်မှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ဒိုးပင်ကျေးရွာ လမ်းဆုံနားနေဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဘဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာသန့်ဆွေဦးက အာဖရိကဝက်အပြင်းဖျား ရောဂါအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါက်တာကျော်မင်းနိုင်က တိရစ္ဆာန်များကို စနစ်တကျ မွေးမြူနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက်ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ တက်ရောက်လာသူများမှ တွေဆုံမေးမြန်းခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ လူအင်အား ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)


