မန္တလေး ၂၇ မတ်


အာရှကမ္ဘာမြေကုမ္ပဏီမှ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင် ပိဿာချိန် ၃၄၀ ကျော် ကျန်ရှိနေကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံး စာရင်းစစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 


အာရှကမ္ဘာမြေကုမ္ပဏီမှ တူးဖော်လုပ်ကိုင်ပြီး ပေးသွင်းရန် ကျန်ရှိသည့် ရွှေချိန် စုစုပေါင်းမှာ ၃၈၅ ဒသမ ၆၉၈၂ ဖြစ်ပြီး ပေးသွင်းထားသည့်ရွှေစင် ပိဿာချိန်မှာ ၄၁ ဒသမ ဝ၀၁၆ ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်အထိ ပေးသွင်းရန် ရွှေစင် ပိဿာချိန် ၃၄၀ ကျော် ကျန်ရှိကြောင်း သိရသည်။


‘ရွှေတူးဖော်သည့် အသေးစား လုပ်ကွက်များနှင့် အကြီးစား လုပ်ကွက် (D) တို့မှာ ပေးသွင်းရန် ကျန်ရှိသည့် ရွှေစင်ကြွေးကျန်များကို အပြည့်အဝ ကောက်ခံရရှိမှု မရှိပဲ စာရင်းမှ ပယ်ဖျက်ခြင်း၊ တရားစွဲဆိုခြင်းနှင့် တရားစွဲဆိုပြီးတာတွေကို ပြီးပြတ်သည်အထိ ဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် နိုင်ငံတော်အနေနဲ့ ရသင့်ရထိုက်တဲ့ ရွှေစင်တွေကို မရရှိတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး စာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေက အကြံပြုတင်ပြသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစား ရွှေတူးဖော်ရေးလုပ်ကွက် လုပ်ကိုင်နေသည့် ကုမ္ပဏီ ၂၃ ခုမှ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင် ကြွေးကျန် ၁၂၃၁ ကျပ်သား (၁၂ ပိဿာ နှင့် ၃၁ ကျပ်သား) ကျော်ရှိကြောင်း သိရသည်။


အဆိုပါကုမ္ပဏီ ၂၃ ခုတွင် စာရင်းပယ်ဖျက်မည့် ကုမ္ပဏီ ၅ ခု၊ တရားရုံးအမိန့်ချပြီးသည့် ကုမ္ပဏီ ၂ ခု၊ တရားစွဲဆိုပြီးသည့် ကုမ္ပဏီ ၁ ခု၊ တရားစွဲဆိုရန် ကျန်ရှိသည့် ကုမ္ပဏီ ၁ ခု၊ တရားစွဲဆိုရန် အကြောင်းကြားစာ ပေးပို့ထားသည့် ကုမ္ပဏီ ၂ ခု၊ ရွှေစင်ကြွေးကျန်များရှိကြောင်း အကြောင်းကြားထားသည့် ကုမ္ပဏီ ၁၂ ခုရှိကြောင်း သိရသည်။


အိမို့မို့ခိုင်