စင်ကာပူ ၂၆ ဒီဇင်ဘာ

ယနေ့နံနက်ပိုင်းက အာရှတစ်လွှားတွင် မြင်တွေ့ခဲ့ရသော မီးကွင်းပုံသဏ္ဍာန် နေကြတ်မှုသည် ဖြစ်တောင့်ဖြစ်ခဲ နေကြတ်မှုဖြစ်သည်ဟု သိရသည်။

 

အလင်းတန်းတစ်ခုကျန်ရစ်ခဲ့သည့် အဆိုပါနေကြတ်မှုသည် ကမ္ဘာနှင့်နေကြား လရောက်ရှိခြင်းဖြစ်ပြီး နေအရောင်မှေးမှိန်သွားရာမှ ပါးလျားသော မီးကွင်းပုံသဏ္ဍာန် နေကြတ်မှုဖြစ်ပေါ်မှုကို မြင်တွေ့ခဲ့ရသည်။ အဆိုပါနေကြတ်မှုမျိုးကို နှစ်စဉ် သို့မဟုတ် ၂ နှစ်လျှင်တစ်ကြိမ်ခန့်တွေ့မြင်နိုင်ပြီး ယင်းပုံကို ကမ္ဘာပေါ်ရှိ နေရာအနည်းငယ်ကသာ မြင်တွေ့နိုင်ပြီး ယင်းကဲ့သို့ နောက်ထပ်တစ်ကြိမ် မြင်တွေ့နိုင်ရန်မှာ ဆယ်စုနှစ်တစ်စုနီးပါး ကြာမြင့်နိုင်ကြောင်း သိရသည်။

 

ရာသီဉတုအခြေအနေပေါ်မူတည်၍ ယခုနှစ်နေကြတ်မှုဖြစ်စဉ်ကို ပစိဖိတ်မြောက်ပိုင်းတွင် အဆုံးမသတ်မီ အရှေ့အလယ်ပိုင်းမှ အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှတွင် တွေ့မြင်ခဲ့ရသည်။

 

ရာပေါင်းများစွာသော အပျော်တမ်း နက္ခတ်ပညာရှင်များနှင့် ဓာတ်ပုံပညာရှင်များသည် ဘဝတွင် တစ်ကြိမ်သာ ကြုံတွေ့နိုင်သည့် ယခုကဲ့သို့ နေကြတ်မှုကို မှတ်တမ်းတင်နိုင်ရန် စင်ကာပူရှိ သင်္ဘောဆိပ်ကမ်းတွင် နေရာယူထားခဲ့ကြကြောင်း သိရသည်။

 

“ယခုကဲ့သို့ နေကြတ်မှုမျိုးကို နောက်ထပ် နှစ် ၄၀ လောက်ကြာမှ ထပ်မံမြင်တွေ့နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း” အဆိုပါနေကြတ်မှုကို ဓာတ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့် ၃၇ နှစ်အရွယ် ဂျေဆွန်တန်က ပြောခဲ့သည်။ 

 

အပျော်တမ်းနက္ခတ်ပညာရှင်တစ်ဦးကလည်း အဆိုပါနေကြတ်မှုကို လေ့လာရန် အချိန် မလုံလောက်သည့်အတွက် ၎င်း၏အဝေးကြည့်မှန်ပြောင်းတွင် နေရောင်ခြည်စစ်ဖလင်ပြားကို တပ်ဆင်အသုံးပြုခဲ့ကြောင်း ပြောခဲ့သည်။

 

အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူးရှိ ကမ်းခြေများတွင် လူများစုဝေး၍ အဆိုပါနေကြတ်မှုကို စောင့်ကြည့် ခဲ့ကြသည်။ အဆိုပါနေကြတ်မှုသည် မွမ်ဘိုင်းနှင့် ရာဂျ်ကော့တ်တို့ ယှဉ်ပြိုင်ကစားနေသည့် ခရစ်ကတ်ကစားပွဲကို အချိန်နှစ်နာရီခန့် နှောင့်နှေးကြန့်ကြာစေခဲ့သည်။ အိုဒီဆာပြည်နယ်တွင် အစိုးရရုံးများ၊ တရားရုံးများ၊ ကျောင်းများနှင့် ကောလိပ်များအား အများပြည်သူအားလပ်ရက်အဖြစ် ကြေညာခဲ့သည်။ နယူးဒေလီတွင် တစ်ပိုင်းတစ်စ နေကြတ်မှုကို မြင်တွေ့ခဲ့ရသော်လည်း တိမ်များနှင့် လေထုညစ်ညမ်းမှုများသည် အဆိုပါနေကြတ်မှု မြင်ကွင်းကို ဖုံးကွယ်နေသည့်အတွက် စိတ်ပျက်မိကြောင်းကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ၎င်း၏တွစ်တာပေါ်တွင် ပြောခဲ့သည်။

 

အင်ဒိုနီးရှားရှိ ဂျကာတာနက္ခတ်တာရာပြခန်းတွင် အဆိုပါနေကြတ်မှုကို ကြည့်ရှုရန် ရာပေါင်းများစွာ သော ပြည်သူများ စုရုံးရောက်ရှိနေကြပြီး ၎င်းတို့အား နေကြတ်မှုကို ကြည့်ရှုရာတွင် အသုံးပြုရန် နေရောင်ခြည်ကာ မျက်မှန်များ ပေးဝေခဲ့ကြောင်း သိရသည်။ အဆိုပါနေကြတ်မှုကို အင်ဒိုနီးရှားတွင် အချိန်အကြာမြင့်ဆုံး မြင်တွေ့ခဲ့ရကြောင်း သိရသည်။

 

ကိုးကား-အေဖက်ပီ

ဘာသာပြန်-စုရည်