အားတီ၏ MOVING COLORS စီးရီးကို ပြည်ပအထိထိုးဖောက်နိုင်ရန် ဖန်တီးထား

ဂီတသက်တမ်း ရှစ်နှစ်ရှိပြီဖြစ်သည့် လူငယ်အဆိုတော် တေးသံရှင် အားတီ ကိုယ်တိုင် ဖန်တီးထားသော တေးသီချင်းသစ်များ ပါဝင်သည့် Moving Colors တေးစီးရီးကို ဒီဇင်ဘာ ၂၃ ရက်တွင် Bo Bo Music တေးထုတ်လုပ်ရေးမှ စတင်ဖြန့်ချိသွားမည်ဖြစ်ကာ အဆိုပါ တေးစီးရီးတွင် တေးသီချင်း ၁၄ ပုဒ်ပါဝင်ပြီး အခွေကို တစ်နှစ်ကျော် အချိန်ယူပြင်ဆင်ခဲ့ကြောင်းနှင့် ပြည်ပအထိထိုးဖောက်နိုင်ရန် ကိုယ်ပိုင်ဟန်ဖြင့် ဖန်တီးထားကြောင်း သိရသည်။

 

“ကျွန်တော် ဒီအခွေလေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ စခဲ့ပါတယ်၊ သီချင်းတွေကအစ ကိုယ့်စိတ်ကြိုက် ရွေးပြီးလုပ်ခဲ့တယ်၊ ဒီအခွေအတွက် ကျွန်တော့်ရဲ့ ပြင်ဆင်စရာရှိတာတွေ အကုန်လုံး ပြင်ဆင်ခဲ့ရပါတယ်၊ အနေအထိုင် အစားအသောက်ကအစပေါ့နော်၊ အခွေထဲမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုပါ ပြုပြင်သင့်တာတွေ ပြုပြင်နေထိုင်ခဲ့တယ်၊ သီချင်း ၁၄ ပုဒ်လုံး ကိုယ်ပိုင်သံစဉ်နဲ့ပဲ ဖန်တီးတာပါ၊ သရုပ်ဆောင်တွေဆိုလည်း ကျွန်တော့်ကို မေတ္တာနဲ့ ဝိုင်းဝန်းကူညီ ပေးကြတယ်၊ ကျွန်တော်ရဲ့ ဒီအခွေက ပြည်ပအထိသွားလို့ရတဲ့ ပုံစံမျိုးဖန်တီးထားတာပါ” ဟု အားတီက ပြောသည်။

 

အဆိုပါ တေးစီးရီးကို ရန်ကုန်မြို့နှင့် ကလောမြို့၊ ပင်လယ်ကမ်းခြေဒေသများ၊ ကျွန်း များပေါ်တွင် ရိုက်ကူးထားပြီး အချစ်သီချင်းပုံစံကို EDM Music ဖြင့် ပေါင်းစပ်ကာ အမြူးကြွဆုံး ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။

 

ကိုလင်း