တိုကျို  ၁၃  ဇွန်

ဂျပန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကိုဗစ်-၁၉ ရောဂါလူနာများကို အဗီဂန်ဆေးသုံးပြီး လက်တွေ့စမ်းသပ် ကုသမှုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မူလအစီအစဉ်ထက်ကြန့်ကြာမှုများ ရှိနေခဲ့သည်။ သို့သော်လည်း အဆိုပါအစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် မကြာသေးမီက ဖော်ပြလိုက်သည်။

ဂျပန်အစိုးရသည် အဗီဂန်ဆေးကို ကိုဗစ်-၁၉ လူနာ များအား အသုံးပြုနိုင်ရန် မေလတွင် အတည်ပြုရန် ရည်မှန်းခဲ့သည်။ အဆိုပါ ဂျပန်ဆေးကုမ္ပဏီသည် အဗီဂန်ဆေးဖြင့် ကိုဗစ်-၁၉ လူနာ ၉၆ ဦးကို လက်တွေ့ကုသရန် စီစဉ်ခဲ့သည်။

သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်သည် တဖြည်းဖြည်းချင်းကျဆင်းနေသောကြောင့် အဆိုပါ စမ်းသပ်မှုကို နည်းနည်းချင်းလုပ်ဆောင်နေရကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

ယခုစမ်းသပ်မှုနှင့် သီးခြားအဖြစ် အိုင်းချိခရိုင်တွင်ရှိ သည့် ဖူဂျီတာ ဆေးပညာတက္ကသိုလ်အပါအဝင် တခြားဌာန များ၌လည်း အဗီဂန်ဆေးကို လူနာများတွင် လက်တွေ့ စမ်းသပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အဗီဂန်ဆေး၏ ထိရောက်မှုကို လတ်တလောတွင် တိတိကျကျ မဆုံးဖြတ်နိုင်သေးသော်လည်း ဩဂုတ်လ နောက်ဆုံးထားပြီး လေ့လာမှုများကို အပြီးသတ် လုပ်ဆောင်မည်ဖြစ်ကြောင်း သုတေသီများကပြောသည်။ လတ်တလောတွင် တိရစ္ဆာန်များဖြင့် စမ်းသပ်မှုများအရ အဗီဂန်ဆေးသည် လူနာများအား ဘေးထွက်ဆိုးကျိုးပေး လာနိုင်ခြေရှိသည်ကို တွေ့ရသည်။

သို့သော်လည်း ဆရာဝန်များ၏ စောင့်ကြည့်မှုအရ အဆိုပါ ဆေးဝါးဖြင့် ကုသခံရသည့် လူနာ ၃၀၀၀ ကျော်တွင် တခြား ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှု တုံ့ပြန်ချက်ဆိုင်ရာ အစီရင်ခံစာများ မတွေ့ရှိရကြောင်း သိရသည်။

အဗီဂန်ဆေးကို တိတိကျကျ အတည်ပြုနိုင်ပြီးသည့် နောက်တွင် ကိုဗစ် -၁၉ ကုသဆေးအဖြစ် ခွင့်ပြုရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ