အန်ကာရာ ၁၇ ဒီဇင်ဘာ
သဘာဝသယံဇာတတူးဖော်မှုနှင့်ပတ်သက်၍ မြေထဲပင်လယ်ဒေသအတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဆိုက်ပရပ်စ်ရေပိုင်နက်ထဲသို့ ဝင်ရောက်လာသည့် အစ္စရေး သင်္ဘောတစ်စင်းကို တူရကီ ရေတပ်ဖွဲ့က ကြားဖြတ်ဟန့်တား မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘတ်ဂါလီယမ် အမည်ရှိ အစ္စရေးနိုင်ငံ၏ သုတေသနသင်္ဘောသည် ဆိုက်ပရပ်စ်ရေပိုင်နက်အတွင်း ဆိုက်ပရပ်စ် အာဏာပိုင်များနှင့်အတူ ပူးပေါင်းကာသုတေသနလုပ်ငန်း ဆောင်ရွက်နေခဲ့ကြောင်း အစ္စရေးအမျိုးသားအခြေခံ အဆောက်အအုံ၊ စွမ်းအင်နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန ဖော်ပြချက်ကို ကိုးကားလျက် အစ္စရေး သတင်းမီဒီယာက ဖော်ပြခဲ့ခြင်းဖြစ်သည်။
သတင်းဖော်ပြမှုများအရ တူရကီ ရေယာဉ်များက အစ္စရေးသင်္ဘောကို ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ရှင်းပြရန် မေတ္တာရပ်ခံခဲ့ပြီးနောက် မြေထဲပင်လယ်အတွင်းရှိ အဆိုပါဧရိယာမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
မြေထဲပင်လယ် အရှေ့ပိုင်းတွင် လစ်ဗျားနှင့်နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို တူရကီက လက်မှတ်ရေးထိုးလိုက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် အဆိုပါဖြစ်ရပ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ


