အစ္စရေးနိုင်ငံတောင်ပိုင်းရှိ စစ်စခန်းအား  ဟားမတ်စ်အဖွဲ့က  ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

ဂျေရုဆလင်၊ မေ ၅

အစ္စရေးနိုင်ငံတောင်ပိုင်းရှိ စစ်စခန်းအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ လက်အောက်ခံ အယ်လ်ကွာဆန်တပ်ဖွဲ့က ပြောကြားသည်။

မိမိတို့၏ တပ်ဖွဲ့ဝင်များသည် အစ္စရေးတပ်ဖွဲ့၏ ကီရန်ရှလုန်စခန်းသို့ တာတိုပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။ ဟားမတ်စ်အဖွဲ့သည် ကီရန်ရှလုန်စခန်းသို့ မော်တာများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဟားမတ်စ်တို့၏ တိုက်ခိုက်ခဲ့ပြီးနောက် ရာဖာမြို့အတွင်းသို့ အစ္စရေးတင့်ကားများနှင့် လေယာဉ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကီရန်ရှလုန်နယ်စပ်ဂိတ်ရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာဉ်များအား ဂါဇာသို့ ဝင်ရောက်ခွင့်ပိတ်ထားသည်ဟု အစ္စရေးတပ်ဖွဲ့ကပြောကြားသည်။ ယခုတိုက်ခိုက်မှုများသည် အီဂျစ်၏ ကမကထပြုမှုဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ် ဖြစ်ပွားခြင်း ဖြစ်သည်။

ကိုးကား - ဆင်ဟွာ

 ဘာသာပြန် - စိုးသူရ