ကိုင်ရို ၃ ဖေဖော်ဝါရီ
ပါလက်စတိုင်းအာဏာပိုင်များသည် လတ်တလော အမေရိကန်ဘက်က ထုတ်ပြန်ခဲ့သည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်ပြီး အစ္စရေးနှင့် အမေရိကန်ဘက်ကို ဆက်သွယ်ရေးဖြတ်တောက်မည်ဟု အသိပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ပါလက်စတိုင်းသမ္မတမာမွတ် အဘတ်စ်က ပြောကြားခဲ့သည်။
လုံခြုံရေးဆိုင်ရာ ဆက်သွယ်မှုများအပါအဝင် အစ္စရေးနှင့်သာမက အမေရိကန်နှင့်ပါ မည်သည့်ဆက်ဆံရေးကိုမျှ ပြုလုပ်တော့မည်မဟုတ်ဟု အစ္စရေးဘက်ကို အကြောင်းထားကြောင်း ပါလက်စတိုင်းသမ္မတ က ပြောကြားခဲ့သည်။
အာရပ်အဖွဲ့ချုပ်တည်ရှိရာ အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုတွင် အာရပ်နိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်းအဝေး ပြုလုပ်နေစဉ် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၈ ရက်တွင် အမေရိကန်သမ္မတ ထရမ့်က ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းအစီအစဉ်ကို ပါလက်စတိုင်းတို့ဘက်မှ ငြင်းဆန်ခဲ့ သည်။
အမေရိကန် ဗဟိုထောက်လှမ်း ရေးအေဂျင်စီ CIA နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ထံ ပါလက်စတိုင်း အာဏာပိုင်များက ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မခံဘဲ ငြင်းပယ်ကြောင်း အကြောင်းကြားစာ ပို့ထားသည်ဟု အဘတ်စ်က ပြောသည်။
အမေရိကန်ပြည်ထောင်စုသည် ဘက်လိုက်သည့် စေ့စပ်ညှိနှိုင်းသူဖြစ်ကြောင်း ယင်းငြိမ်းချမ်းအရေး အစီအစဉ်ကို ပယ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြောင်းကြားသွားမည်ဖြစ်ပြီး အဖြေဆက်လက်ရှာသွားမည်ဟုလည်း ပါလက်စတိုင်းသမ္မတ က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် အစ္စရေးနိုင်ငံ၏ အဓိကထောက်ခံသူ နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဂျေရု ဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့နောက် အမေရိကန်သံရုံးကိုလည်း ၂၀၁၈ ခုနှစ် မေလတွင် တဲအဗစ်မြို့မှ ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
ဆင်ဟွာ


