အစ္စရေးနှင့်ဟားမတ်စ် လေးရက်ကြာအပစ်အခတ်ရပ်စဲရေး သက်တမ်း နှစ်ရက် ထပ်တိုး

နိုဝင်ဘာ ၂၈

အစ္စရေးနှင့်ဟားမတ်စ်တို့၏လေးရက်ကြာအပစ်အခတ်ရပ်စဲရေးသည် ယနေ့တွင် အဆုံးသတ်မည်ဖြစ်သော်လည်း အပစ်အခတ်ရပ်စဲရေး သက်တမ်းနှစ်ရပ်ထပ်မံတိုးမြှင့်လိုက်သည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးသက်တမ်းထပ်တိုးခြင်း သဘောတူညီချက်ကို လူမှုမီဒီယာတွင် ၎င်းက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ကာတာနိုင်ငံသည် နှစ်နိုင်ငံအကြား ကြားဝင်စေ့စပ်ပေးနေသောနိုင်ငံဖြစ်သည်။

အစ္စရေးဓားစာခံတစ်ဦးလွှတ်ပေးလျှင် ပါလက်စတိုင်းအကျဉ်းသားသုံးဦးလွှတ်ပေးပါက အပစ်အခတ်ရပ်စဲရေး သက်တမ်းနှစ်ရက်တိုးခြင်းကို လက်ခံသည်ဟုဟားမတ်စ်တို့က အတည်ပြုပြောကြားသည်။

အစ္စရေးစစ်သားများလွတ်မြောက်ရေးညှိနှိုင်းရန်အသင့်ရှိသည်ဟုလည်း ဟားမတ်စ်တို့ကဆိုသည်။

လွန်ခဲ့သောလေးရက်အတွင်း ပါလက်စတိုင်းအမျိုးသမီးနှင့်ကလေး ၁၅၀ ကို အစ္စရေးအကျဉ်းထောင်မှလွှတ်ပေးခဲ့ရာ အပြန်အလှန်အားဖြင့် နိုင်ငံခြားသားများအပါအဝင် ဓားစာခံ ၆၉ ဦးကို ဟားမတ်စ်တို့ကလွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေးအာဏာပိုင်များက အသက် ၅၉ နှစ်အရွယ်ပါလက်စတိုင်းအမျိုးသမီးတစ်ဦးကို စက်တင်ဘာလကဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီးနောက် လွှတ်ပေးခဲ့သည်။ ထိုအမျိုသမီးသည် ဟားမတ်စ်တို့နှင့် အဆက်အသွယ်ရှိသည်ဆိုကာ အစွပ်စွဲခံထားပြီး ၎င်း၏ သားလေးဦးသည် အခြားပါလက်စတိုင်းနိုင်ငံသားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးမကောင်းသော အသက် ၈၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ဟားမတ်စ်တို့ကလွှတ်ပေးခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို