ဒေါက်တာမြတ်မိုး

ကမ္ဘာတစ်ဝန်း ကူးစက်မြန်ကပ်ဆိုးကြီးရဲ့ မုန်တိုင်း ဒဏ်ကို အလူးအလဲခံစားခဲ့ကြရတဲ့ နိုင်ငံတွေ၊ လူသား တွေအားလုံးရဲ့ စိတ်ထဲမှာ လေပြည်လေးတစ်ခုရဲ့ အငွေ့ အသက်လေးတစ်ခုနဲ့အတူ အကောင်းမြင်အိပ်မက် တွေ အစီအရီရှိလာနေကြပြီ ဖြစ်ပါတယ်။ လူသား အများစုဟာ မပြတ်သောသတိ မလျှော့သော ဇွဲလုံ့လ ပညာဉာဏ်တွေနဲ့ ကပ်ရောဂါကြီးကို အန်တုခဲ့ကြ တယ်။ ဒီလိုနဲ့ပဲ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ ရောဂါဆိုးကြီးကြောင့် ဝေဒနာခံစားခဲ့ကြရမှုတွေ၊ သေကျေပျက်သုဉ်းမှုတွေနဲ့ ပျောက်ပျက်သွားခဲ့ရတဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေဟာ ယခုကာလလေး မှာတော့ မျှော်လင့်ချက်တွေနဲ့အတူ ပြန်လည်နိုးထ ရှင်သန်လာကြတော့မှာ ဖြစ်ပါတယ်။
အတွေ့အကြုံမှ ရရှိအပ်သောသင်ခန်းစာ
ကမ္ဘာ့နိုင်ငံတွေလည်း ဆက်ဆံမှုတွေရပ်၊ လူတွေ လည်း အိမ်တွင်းအောင်းပြီး အဆက်အသွယ်တွေပြတ်၊ ဒုက္ခတွေတပွေ့တပိုက်နဲ့ အတွေ့အကြုံသစ်တွေ ရခဲ့ ကြပါပြီ။ နှာခေါင်းစည်းတပ်တဲ့ အလေ့အကျင့်၊ ခပ်ခွာခွာ နေထိုင်တဲ့အပြုအမူနဲ့၊ မှန်မှန်ကန်ကန်နဲ့ မကြာမကြာ လက်ဆေးတဲ့ အတွေ့အကြုံတွေ စသည်ဖြင့် အားလုံး အတွက် အဖိုးမဖြတ်နိုင်တဲ့ နေထိုင်မှုပုံစံသစ်တစ်ခုကို အဆိုးထဲကနေ အကောင်းသင်ခန်းစာအဖြစ် သတ်မှတ် ပိုင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော်တို့ လူသားတွေဟာ ကူးစက်ရောဂါဆိုးကြီး အကြောင်းကို ပိုမိုနားလည် သဘောပေါက်လာကြပြီ ဖြစ်သလို နောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ် နေထိုင်ရမယ်ဆိုတာကိုပါ သိမြင်လာကြပြီဖြစ်ပါတယ်။ ကိုဗစ်ကို တွန်းလှန်ကာကွယ်ခဲ့ကြရတဲ့ အတွေ့အကြုံ တွေနဲ့အတူ ယခုအခါ ဒီဗိုင်းရပ်စ်ပိုးနဲ့ ငါတို့ ဘယ်လို ယှဉ်တွဲ ရပ်တည်နေထိုင်ကြမလဲဆိုတာအတွက်ပါ စဉ်းစားပြီး ကြိုတင်ပြင်ဆင်လာကြပြီ ဖြစ်ပါတယ်။ ရောဂါပိုးကြီးကို ဒီကမ္ဘာမြေက အပြီးအပိုင် မောင်းထုတ် နိုင်ဖို့၊ ချုပ်ငြိမ်းပျောက်ကွယ်ဖို့တော့ ရှေ့ဆက်တိုက်ပွဲဝင် နေကြရဦးမှာ ဖြစ်ပါတယ်။ မဆုတ်မနစ် သုတေသနပြု ကြိုးပမ်းအားထုတ်မှုများနဲ့အတူ ကာကွယ်ဆေးအသစ် တွေ၊ ကုသဆေးအသစ်တွေ မြန်မြန်ပေါ်ထွက်ဖို့အတွက် လည်း အားလုံးက မျှော်လင့်လျက်ရှိပါတယ်။
အောင်မြင်မှု၊ ဆုံးရှုံးမှုကို အဆုံးဖြတ်ပေးမည့် အတွေ့အကြုံကောင်းများ
ဒီရောဂါကြီးကနေ ကမ္ဘာ့လူသားတွေအတွက်ကော ခေါင်းဆောင်တွေကိုပါ သင်ခန်းစာအသစ်တွေ ပေးခဲ့ပါ ပြီ။ နိုင်ငံတစ်နိုင်ငံဟာ ရောဂါကျရောက်မှု မတူညီတဲ့ အခြေအနေ၊ ပြင်းထန်ဆိုးရွားမှုဒဏ် မတူညီမှု၊ မူဝါဒနဲ့ တုံ့ပြန်မှုချင်းကွာခြားမှုအပေါ်မှာ မူတည်ပြီး အဆိုး သက်ရောက်မှု အတိမ်အနက်လည်း မတူညီခဲ့ကြပါဘူး။ ဒီလို မတူညီမှုတွေဖြစ်ရခြင်းဟာ နိုင်ငံရဲ့စနစ်နဲ့ နိုင်ငံ အခြေအနေ၊ လူဦးရေ၊ စီးပွားရေးစနစ်၊ နယ်မြေအနေ အထား၊ ယဉ်ကျေးမှုအစဉ်အလာများကြောင့်လည်း ဖြစ်ပါတယ်။ ခေါင်းဆောင်တွေရဲ့ ကြိုတင်မြော်တွေး နိုင်မှုနဲ့ ဦးဆောင်မှု၊ ပြည်သူပြည်သားတွေရဲ့ လိုက်ပါ ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီရယူနိုင်မှု အတိုင်းအတာတွေဟာ ရောဂါကို မပျံ့နှံ့ဖို့အတွက် ကာကွယ်ထိန်းချုပ်ကုသနိုင်မှု ဒီဂရီ ကို များစွာထိရောက်စေပါတယ်။ ဒီအချက်ဟာ နိုင်ငံ တစ်နိုင်ငံချင်းကော ကမ္ဘာနှင့်တစ်ဝန်း ကူးစက်ရောဂါ ဆိုးကြီးတွေရဲ့ အနာဂတ် ခြိမ်းခြောက်မှုအသစ်တွေကို ဆက်လက်ရင်ဆိုင်ရာမှာ အသင့်ရှိစေမှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါဟာ ကမ္ဘာမြေပေါ်က အပြီးအပိုင် ပျောက် ကွယ်သွားဖို့အခြေအနေ မပေးသေးဘူးဆိုတာ အားလုံး က လက်ခံပြီးသားလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေ မှာ နောက်ထပ် အသစ်အသစ်သော ကူးစက်ရောဂါတွေ ဟာ မမျှော်လင့်တဲ့အခြေအနေမှာ ဆက်လက်ပေါ်ပေါက် လာနိုင်တယ်ဆိုတာ သတိချပ်ရပါမယ်။ ယခုရရှိလိုက် တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေဟာ ငုပ်လိုက် ပေါ်လိုက်ဖြစ်နေမယ့် ယခု ကိုဗစ်ရောဂါအတွက်ကော နောင်ပေါ်လာနိုင်ခြေရှိတဲ့ ရောဂါအသစ်တွေကို ရင်ဆိုင်ရာ မှာ အောင်မြင်မှု၊ ဆုံးရှုံးမှုကို အဆုံးအဖြတ်ပေးမယ့် အရာ တွေပဲဖြစ်ပါတယ်။
စွဲမြဲစွာ ဆက်လက်ကျင့်သုံးရမည့် အလေ့အထကောင်းများ
ဘယ်လိုပဲဖြစ်ဖြစ် Physical distancing ကတော့ တစ်သက်လုံးရှိနေအပ်တဲ့အနေအထား ဖြစ်သွားပါပြီ။ ကိုယ် ချင်းခွာပြီး စိတ်ချင်းမကွာဖို့ လူမှုရေးတွေ မဝေးသွားဖို့ဘဲ ဂရုစိုက်ကြရမှာပါ။ ကိုဗစ်ရောဂါပြန်ပေါ်လာမှ သို့မဟုတ် ရောဂါဆန်းအသစ်တွေ ထပ်မကြုံရမှ ရုတ်ခြည်း ကိုယ်ချင်း ပြန်ခွာဖို့ကို ဒီခေတ် ဒီကာလမှာ စဉ်းစားဖို့မသင့်တော့ပါဘူး။ အိမ်မှာပဲနေနေ၊ ရုံးမှာပဲလုပ်လုပ် ဘယ်နေရာပဲသွားသွား၊ ဘယ်မှာပဲစားစား သင့်တော်တဲ့အကွာအဝေးနဲ့ ခပ်ခွာခွာ လေးနေတတ်၊ စားတတ်တဲ့ အလေ့အထဟာ ရောဂါကို ကာကွယ်ဖို့ နေထိုင်မှုပုံစံသစ်တစ်ခုဖြစ်လာပါမယ်။
နောက်တစ်ခုက နှာခေါင်းစည်းတပ်ခြင်း အလေ့အထ ဖြစ်ပါတယ်။ ယခင်က SARS ရောဂါကို အလူးအလဲခံစားရတဲ့ နိုင်ငံများက ပြည်သူတွေဟာ နှာခေါင်းစည်းတပ်တဲ့ အလေ့ အကျင့်ကို စွဲမြဲသွားတဲ့ အလေ့အထပုံစံကြောင့် ယခုလို ကိုဗစ်ရောဂါ ထပ်မံကြုံတွေ့ရတဲ့အခါ သူတို့အတွက် နှာခေါင်းစည်းတပ်တဲ့ အလေ့အကျင့်ဟာ အထူးအဆန်း မဟုတ်တော့ဘဲ ရောဂါကို အလွယ်တကူ ရင်ဆိုင်နိုင်ကြတာ တွေ့ရပါတယ်။ ရောဂါဖြစ်လို့ သေဆုံးရမှာစိုးတဲ့ ကြောက် စိတ်ဟာ နှာခေါင်းစည်းတပ်ရတဲ့အတွက် ကသိကအောက် ဖြစ်မှုကို လွှမ်းမိုးသွားနိုင်မှာ သေချာပါတယ်။
နောက်ထပ် အမူအကျင့်တစ်ခုကတော့ လက်ဆေး ခြင်းပါပဲ။ ကျန်းမာရေးအရကော၊ လူမှုဆက်ဆံရေးအရပါ ကိုယ့်အတွက်ကော အများအတွက်ပါ ကောင်းတဲ့အမူ အကျင့်တစ်ခုဖြစ်ပါတယ်။ လက်ကို နှံ့နှံ့စပ်စပ်နဲ့ မှန်မှန် ကန်ကန် ဆေးတတ်တဲ့ အကျင့်၊ ထပ်ကာထပ်ကာ ဆေးလေ့ ဆေးထရှိတဲ့ အကျင့်တွေဟာ တစ်ဦးမှတစ်ဦးသို့ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ပေးတယ်ဆိုတဲ့ မူလအမူအကျင့် ကောင်းတွေကို စနစ်တကျ စွဲစွဲမြဲမြဲ ထပ်မံကျင့်သုံးခြင်း ဖြင့် အစဉ်ကျန်းမာတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရာ ရောက်ပါတယ်။
ခြိမ်းခြောက်မှုအသစ်များအတွက်
ပြင်ဆင်ထားရမည့် ထိရောက်တဲ့ စီမံခန့်ခွဲမှု
ယခုဆိုရင်လူတွေဟာ ရောဂါနဲ့တကွ ဘယ်လိုကာကွယ် ရမယ်ဆိုတာတွေကိုပါ သဘောပေါက်လာကြပြီဖြစ်ပါတယ်။ ကိုယ့်ရဲ့ အသုံးအဆောင်နေရာထိုင်ခင်းကို သန့်ရှင်းသပ်ရပ် အောင် ပြုပြင်နေထိုင်တာမျိုး၊ Alcohol ပါတဲ့ Spray ဖျန်းခြင်း၊ အဝတ်စနဲ့ သန့်စင်ခြင်းစတဲ့ အလေ့အထများဟာ သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်သွားမှာပါ။ လူစုလူဝေး များကို ရှောင်ကြဉ်တတ်လာပြီး မလိုအပ်ဘဲ လူမစုမိစေ အောင် ကိုယ့်ကိုယ်ကိုယ် အသွားအလာ ကန့်သတ်လာကြ တော့မှာ ဖြစ်ပါတယ်။ လုပ်ငန်းပိုမိုအောင်မြင်တွင်ကျယ် အောင် လုပ်တတ်ကိုင်တတ်ပြီး စရိတ်စက နည်းနည်းနဲ့ စီမံခန့်ခွဲတတ်တဲ့ စနစ်တွေဟာ ရှေ့တန်းကို ရောက်လာမှာ သေချာပါတယ်။ အရောင်းအဝယ်ပုံစံတွေနဲ့ ကျောင်းပညာ သင်ကြားတဲ့ပုံစံတွေလည်း ပြောင်းလဲသွားကြမှာ ဖြစ်ပါ တယ်။ Online နဲ့ပဲ အရောင်းအဝယ်လုပ်၊ Online နဲ့ပဲ စာတွေသင်ကြားရမယ့် အနေအထားတစ်ရပ်သို့ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ သွင်းအားစု Input အနည်းဆုံး နဲ့ ရလဒ် Output အများဆုံးရှိအောင် လုပ်နိုင်စွမ်းတဲ့ Effective Management တွေဟာ ကိုဗစ်ကပေးတဲ့ အဆိုး ထဲက အကောင်းတွေပါပဲ။
ဝန်ထမ်းတွေ လျှော့ချခံရပြီး အလုပ်လုပ်နေကြရတဲ့ ယခုလိုကာလမျိုးမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်တတ် ကိုင်တတ်တဲ့ ကျွမ်းကျင်နှံ့စပ်တဲ့ ဝန်ထမ်းမျိုးတွေသာ အားကိုးခံရပြီး ဦးဆောင်လာကြမယ်လို့ ယုံကြည်ရပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုက Crisis Management ဖြစ်ပါတယ်။ ကျဉ်းထဲကျပ်ထဲ သေရေးရှင်ရေးတမျှ အရေး ကြီးလာတဲ့ အရေးပေါ်အခြေအနေတစ်ရပ်မှာ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ စီမံခန့်ခွဲမှုစွမ်းရည်ပါ။ ယခု ကိုဗစ်မှာ ခေါင်းဆောင်မှုနဲ့ ယှဉ်တွဲနေတဲ့ ခေါင်းဆောင်ကောင်းတွေ ရဲ့ အရည်အသွေးဟာ အလွန်အရေးကြီးတယ်ဆိုတာ ပြသ ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ပြည်သူတွေက စည်းကမ်းစနစ် ကျတဲ့ နေထိုင်မှုပုံစံသစ်တွေနဲ့အတူ နေသားကျအောင် ကြိုးစားနေထိုင်ကြစဉ်မှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တာဝန် ရှိသူများအနေနဲ့လည်း အနာဂတ်ခြိမ်းခြောက်မှုအသစ်တွေ ကို ရင်ဆိုင်နိုင်အောင် ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ကြိုတင်စဉ်းစားပြီးဖြေရှင်းကြရတော့မှာ ဖြစ်ပါတယ်။
ကြိုတင်စီမံနိုင်ခြင်း၏ အားသာချက်
ပြည်သူပြည်သားတွေနဲ့ အတူလက်တွဲပြီး အောက်ခြေ အထိ ကွင်းဆင်းထိတွေ့မှုကို ရယူခြင်းဖြင့် ရှိနေတဲ့အခက် အခဲတွေကို တွေ့မြင်ပြီး ကြိုတင်စီမံနိုင်ခြင်းရဲ့ အားသာ ချက်ကို ယခုခေတ် နိုင်ငံခေါင်းဆောင်များထံကနေ သင်ခန်းစာရယူနိုင်ပြီဖြစ်ပါတယ်။ ဆေးရုံတွေမှာ ကြိုတင် ပြင်ဆင်ရမယ့်အပိုင်း၊ ခုတင်၊ အသက်ရှူကိရိယာ စတဲ့ အထောက်အကူပြုပစ္စည်းကိရိယာတွေနဲ့ ဆေးပစ္စည်းတွေ အသင့်ရှိနေခြင်းဟာ သေဆုံးမှုကို အလွန်လျော့နည်းစေနိုင် ကြောင်း အတွေ့အကြုံများက စကားပြောခဲ့ပါပြီ။ ပြဿနာ ကို ရင်ဆိုင်ရာမှာ နှောင့်နှေးမှုတွေရှိနေခဲ့ရင်၊ အချင်းချင်း ညီညွတ်မှုလည်းမရှိကြရင် တုံ့ပြန်ထိန်းချုပ်ရာမှာ အောင်မြင်မှုနဲ့ အလှမ်းဝေးတတ်တာကိုလည်း သင်ခန်းစာ ရယူနိုင်ကြရပါမယ်။ ဒီကြားထဲက ကမ္ဘာ့နိုင်ငံအားလုံးဟာ မိမိနိုင်ငံကျန်းမာရေးစနစ် ခိုင်မာအားကောင်းဖို့နဲ့ လူတိုင်း ကို လွှမ်းခြုံမှုပေးနိုင်တဲ့ ကုန်ကျစရိတ်တွေအတွက်လည်း ပေါင်းစပ်ညှိနှိုင်းပြီး ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းတွေ ရှိလာ နေတယ်ဆိုတာ သတိပြုမိလာကြပါတယ်။
သည်းခံမှုနှင့် ရုန်းကန်နိုင်မှုက
လူမှုစီးပွားဘဝ ဖြေလျှော့မှုကိုရရှိစေ
အဓိကအချက်ကတော့ အစိုးရနဲ့ တာဝန်ရှိတဲ့ သက်ဆိုင်ရာတို့ရဲ့ ညွှန်ကြားဆော်ဩချက်တွေအတိုင်း တာဝန်သိသိနဲ့ ပြည်သူတွေက တစ်သဝေမတိမ်း လိုက်ပါ ဆောင်ရွက်ခြင်းကသာ အဆိုးရွားဆုံးအခြေအနေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံးရှိအပ်တဲ့ အကြောက်တရားကို အခြေခံပြီး လိုက်နာဆောင်ရွက် နိုင်တာနဲ့အမျှ မိမိတို့ရဲ့ လူမှုစီးပွားအခြေအနေတွေဟာ လျင်လျင်မြန်မြန်နဲ့ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိ စေပါတယ်။ ကျဆုံးခြင်းမှ ရှောင်ရှားနိုင်ရန် သည်းညည်း ခံစိတ်နဲ့ ရုန်းကန်နိုင်မှုသည် အခရာ ကျလှပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံခေါင်းဆောင်များက သည်းခံ ချုပ်တည်းဖို့နဲ့ ဆင်ခြင်ဖို့ကို ရှေ့တန်းတင် ပြောကြား နေကြရတာလည်း ဖြစ်ပါတယ်။ ယခုတော့လည်း ရောဂါ ကို အကြီးအကျယ်ခံစားခဲ့ကြရတဲ့၊ တချို့ခံစားနေ ကြရဆဲဖြစ်တဲ့ နိုင်ငံတွေမှာတောင် အကန့်အသတ်နဲ့ ဖြေလျှော့မှုတွေ ပြုလုပ်လာကြပါပြီ။ စားသောက်ဆိုင် တွေကို တင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့အတူ ပြန်လည်ဖွင့်လှစ်လာကြပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်လာကြသလို ဈေးတွေကိုလည်း ထိန်းချုပ်မှုတွေ နဲ့ ပြန်လည်ဖွင့်လာကြပြီ ဖြစ်ပါတယ်။ ဂျာမနီမှာဆို ဘောလုံးပွဲတွေကို ကွင်းပိတ်ပြန်လည်စတင်နေပြီဖြစ် ပြီး မကြာမီမှာ အချို့နိုင်ငံတွေမှာလည်း အားကစားပွဲ တွေကို ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။
များစွာကျန်ရှိနေသေးသည့် ဖြေရှင်းရမည့်အရာများ
ဒါပေမယ့် ဒီရောဂါပိုးဟာ ကျွန်တော်တို့အားလုံး ကြားမှာ အသံတိတ်ပိုးအဖြစ် ရှိနေဆဲဖြစ်တယ်ဆိုတာ ကိုသတိပြုပါ။ လက်ရှိရက်တွေမှာ အချို့နိုင်ငံများမှာ ကိုဗစ်ရောဂါ ကူးစက်မှုဟာ ရပ်တန့်ခြင်း၊ လျော့နည်း ကျဆင်းခြင်းများကို တွေ့နေရပေမယ့် အချို့နိုင်ငံများ ကျတော့လည်း ကူးစက်မှုနှုန်းက ဆက်လက်မြင့်တက် လျက်ရှိတာကို တွေ့နေရဆဲဖြစ်ပါတယ်။ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုးရှိနေနိုင်တယ်ဆိုတဲ့အချက် ဟာ လူသားတွေအတွက် မရိုးနိုင်တဲ့ ခြိမ်းခြောက်မှုပါပဲ။ အစုလိုက်အပြုံလိုက် အချိန်မရွေး ရုတ်ခြည်းဖြစ်ပေါ် လာနိုင်သလို တဖြည်းဖြည်းချင်း ပြန်လည်လျော့နည်း ကျဆင်းသွားနိုင်မယ့် အခြေအနေမျိုးပါ။ ဒါကြောင့် စည်းကမ်းတကျ နေထိုင်တတ်မှုနဲ့ ဆင်ဆင်ခြင်ခြင် ရှိမှုကတော့ အမြဲလက်ကိုင်ထားရမယ့် ကြိုတင် ကာကွယ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်း အကောင်းဘက်သို့ ရွေ့လျားနေတယ်လို့ အပြုသဘော တွေးရင်းနဲ့ တုံ့ပြန်ရင်ဆိုင်နိုင်အောင်လည်း အမြဲ သတိချပ် ပြင်ဆင်နေရမယ့်အရာ ဖြစ်ပါတယ်။ တုံ့ပြန် ရင်ဆိုင်ဖို့ဆိုရာမှာလည်း ကူးစက်ရောဂါတွေရဲ့ အရင်းခံ အကြောင်းတရားနဲ့တကွ လွှမ်းမိုးနေတဲ့ အကြောင်း အချက်တွေကို ဖော်ထုတ်နိုင်ဖို့ များစွာကျန်ရှိနေသေး တယ်ဆိုတဲ့အချက်က အရေးကြီးလှပါတယ်။ ရောဂါ အစပျိုးရာသည် သဘာဝအလျောက်လား၊ လူသားတွေ က ဖန်တီးတာလား၊ လက်ခံကောင်က ဘာလဲဆိုတာ တွေနဲ့အတူ ကာကွယ်ကုသဆေးများ အမြန်ထုတ်လုပ် နိုင်သည်အထိ မတူကွဲပြားမှုတွေကို ညီညွတ်စွာနဲ့ ဖြေရှင်းရမယ့်အရာတွေ များစွာရှိနေပါသေးတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းတရားကိုပဲ အခြေခံသည်ဖြစ်ပါစေ နောက်ဆုံးမှာတော့ ရောဂါဒဏ် ခံစားကြရတဲ့ ကျွန်တော်တို့အပါအဝင် လူသားတွေမှာသာ တာဝန်ရှိတယ်လို့ ခံယူကြစေချင်ပါတယ်။ အနာဂတ် ကာလ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်ထားတဲ့အရာ တွေ ဖြစ်လာနိုင်တယ်ဆိုတာကို မျှော်လင့်ထားကြစေ ချင်ပါတယ်။ သင်ခန်းစာယူတတ်ဖို့သာ လိုအပ်ပြီး နေ့စဉ်နှင့်အမျှ ရှင်သန်ရပ်တည်နိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ပါတယ်။ နောင်မှာတော့ ကျန်းမာရေးဟာ ဖွံ့ဖြိုးမှုအားလုံးရဲ့ ဗဟိုချက်ဖြစ်လာ မှာ ပိုမိုထင်ရှားလာပါတယ်။ ပုံစံအသစ်နဲ့ ပုံမှန်အနေ အထားဟာ လက်ခံဖို့ခဲယဉ်းပေမယ့် ထိုအရာသည်ပင် ကောင်းမွန်သော အပြောင်းအလဲတစ်ခုပါလားလို့ ခံယူ ကျင့်သုံးရင်းဖြင့် လူသားတွေကို အကျိုးပြုနိုင်မယ့် သဘာဝပတ်ဝန်းကျင်ကို လှပကျန်းမာအောင် တည် ဆောက်ကာ နေထိုင်မှုပုံစံအသစ်များနဲ့အတူ ဆက်လက် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားဖြတ်သန်းနိုင်ကြပါစေ ကြောင်း တိုက်တွန်းနှိုးဆော်လျက်.။


ကြေးမုံ