စစ်ကိုင်း   ၂၂  ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမတက္ကသိုလ် (စစ်ကိုင်း) အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အရာထမ်း) ၁/၂၀၁၉ ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက သမဝါယမတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကပို့ချပေးမည့် ဘာသာရပ်များအဖြစ် ဘဏ္ဍာရေးစာရင်းကိုင်ပညာ၊ စီမံခန့်ခွဲမှု စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း ပညာရပ်များကို ပြင်ပမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ ပို့ချပေးမည့် ပညာရပ်များသည် မိမိတို့ဌာနအတွက် မရှိမဖြစ် အသုံးပြုဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် စိတ်ဝင်စားစွာ သင်ယူသွားကြစေလိုပြီး တာဝန်များ ထမ်းဆောင်ကြသည့်အခါ လက်တွေ့နယ်ပယ်တွင် အသုံးပြုသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အရာထမ်း သင်တန်းသား (၃၂)ဦး၊ သင်တန်းသူ (၆၇)ဦး၊ စုစုပေါင်း(၉၉)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၄)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)

 

THAM