အဆင့်မြှင့်တင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေတွေနဲ့ မြို့ရန်ကုန်

ဝေယံဦး


ရန်ကုန်မြို့ဟာ နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့အဖြစ် ရေရှည်တည်တံ့တိုးတက်ဖွံ့ ဖြိုးဖို့ဆိုတာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှရမှာ ဖြစ်ပါတယ်။ လူနေထိုင်မှု သိပ်သည်းလာသလို မော်တော်ယာဉ်တွေလည်း များပြားလာတာမို့ စနစ်တကျနဲ့ လူမှုဘဝနေထိုင်နိုင်ဖို့ဆိုတာ ထိန်းသိမ်းစောင့် ရှောက်မှုလိုအပ်လာပြီ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအပါအဝင် ပြည်သူတွေလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်မှ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံမှာ လူဦးရေ နေထိုင်မှုအများဆုံးဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အများဆုံးတည်ရှိရာ တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်အောင် အသစ်အသစ် တည်ဆောက်မှုလုပ်ငန်းတွေ အားပေးရမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်၊ ရှေးဟောင်း မြို့ပြအမွေအနှစ်တွေ မထိခိုက်မပျက်စီးအောင်လည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ရန်ကုန်မြို့ရဲ့ ၃၃ မြို့နယ်ကို အဆင့်မြှင့်တင်ရေး၊ ထိန်းသိမ်း စောင့်ရှောက်ရေးတို့အတွက် နယ်မြေဧရိယာတွေ သတ်မှတ်ထားပြီဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်တဲ့အခါ လက်ရှိမြို့ပြသဘာဝပတ်ဝန်းကျင်စနစ်ကို ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးဧရိယာ၊ မြို့ ပြဖွံ့ ဖြိုးရေးအား ထိန်းသိမ်းနိုင်ရန် သတ်မှတ်ထားသည်။

ဧရိယာများနဲ့ သမိုင်းအမွေအနှစ်များ စုဝေးတည်ရှိရာ ဧရိယာ၊ လူနေသိပ်သည်းမှုကို မြှင့်တင်ဆောင်ရွက်သွားမယ့်ဧရိယာ၊ မြို့ပြဖွံ့ဖြိုးမှုများကို စနစ်တကျ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့်ဧရိယာစတဲ့ သတ်မှတ်မှုတွေနဲ့ ထိန်းသိမ်းလုပ်ကိုင်ဖို့ အစီအစဉ်တွေရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကန်တော်ကြီး၊ အင်းလျားကန်၊ လှော်ကား စတဲ့နေရာတွေအပြင် သဘာဝ စိမ်းလန်းမြေနဲ့ ရေပြင်တွေ၊ ပန်းခြံနေရာတွေကို လက်ရှိမြို့ပြသဘာဝပတ်ဝန်းကျင်စနစ်ကို ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာတွေအဖြစ် သတ်မှတ်ကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကလည်း လက်ရှိမှာ အရှိန်အဟုန်နဲ့ တည်ဆောက်လာတဲ့ အထပ်မြင့်အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ စားသောက် ဆိုင်တွေဟာ ကန်တော်ကြီး၊ အင်းလျားကန်တွေရဲ့ သဘာဝ ပတ်ဝန်းကျင်ဖြစ်တည်မှုကို ခြိမ်းခြောက်လာနေလို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျနဲ့ စိစစ်ထိန်းသိမ်းနေပေမယ့် ထိထိရောက်ရောက် လုပ်ကိုင်မှရတော့မယ့်အချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တွေဟာ ရန်ကုန်မြို့လယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ အပြင် ရှေးဟောင်းမြို့ပြ အဆောက်အအုံတွေ အများအပြားတည်ရှိရာ နေရာတွေလည်း ဖြစ်ပါတယ်။ ဒီလိုပါပဲ ဆိပ်ကမ်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်နဲ့ ကမာရွတ် မြို့နယ်အပါအဝင် ရွှေတိဂုံစေတီ ဝန်းကျင်ဧရိယာတွေကလည်း သမိုင်းအမွေအနှစ်တွေ တည်ရှိရာနေရာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီမြို့နယ်တွေမှာ မြို့ပြဖွံ့ဖြိုးမှု ထိန်းသိမ်းနိုင်ဖို့ ဧရိယာတွေနဲ့ သမိုင်းအမွေအနှစ်တွေ စုဝေးတည်ရှိရာ ဧရိယာတွေအဖြစ် သတ်မှတ်ဆောင်ရွက်ကာ ထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ရန်ကုန်မြို့ရဲ့ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နဲ့ ရွှေပြည် သာမြို့နယ်တွေမှာလည်း စနစ်တကျ မြို့ ပြလူနေထိုင်မှု မြင့်တက်လာအောင် တိုးမြှင့်ဆောင်ရွက်မယ့် ဧရိယာတွေအဖြစ် ဆောင်ရွက်သွားဖို့လည်း ရှိနေပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ရဲ့ မြို့နယ်သစ်တွေမှာ မူလက စနစ်တကျ အကွက်ïိက်ပြီး မြို့ ပြမြေကွက်ပုံစံ ဖော်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နေထိုင်မှု ဧရိယာပုံစံတွေ ပြောင်းလဲလာခဲ့တာမို့ အခုအချိန်မှာ ထိန်းသိမ်းစောင့်ရှောက်မှု ပိုမိုလိုအပ်နေတာပဲ ဖြစ်ပါတယ်။ 

တိုးမြှင့်လုပ်ဆောင် 

ရန်ကုန်မြို့မှာ မြို့ပြဖွံ့ဖြိုးမှု တိုးမြှင့်ဆောင်ရွက်သွားမယ့် မြို့နယ်တွေအဖြစ် မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်တွေမှာ လုပ်ကိုင်သွားဖို့ ရှိနေပါတယ်။ အဲဒီမြို့နယ်တွေဟာ တဖြည်းဖြည်း နဲ့ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှု မျက်နှာစာအဖြစ် ရောက်ရှိလာနေတာမို့ စနစ်တကျနဲ့ ဆောင်ရွက်သွားမယ်ဆိုရင် တိုးမြှင့်လုပ်ဆောင်လို့ရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ပြဖွံ့ဖြိုးမှုတွေ စနစ်တကျ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်အတွက် ဒလ၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှိုင်နဲ့ရန်ကင်းမြို့နယ် ဧရိယာတွေကို သတ်မှတ် ဆောင်ရွက်ဖို့ ရှိနေပါတယ်။ ရန်ကုန်မြို့ကို အဲဒီလိုဧရိယာတွေအဖြစ် သတ်မှတ်ပြီး စနစ်တကျနဲ့ ထိန်းသိမ်း စောင့်ရှောက်မှုတွေ၊ တိုးတက်ဖွံ့ဖြိုးမှုတွေ၊ ပြန်လည်ဖွံ့ဖြိုးအောင် ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ရန်ကုန်မြို့ဟာ နိုင်ငံတကာ မြို့ကြီးတွေလို အစီအမံကောင်းကောင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု ကောင်းကောင်းနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာမယ့် မြို့ကြီးတစ်မြို့ ဖြစ်လာမှာ အမှန်ပါပဲ။

မြန်မာ့အလင်း