ဇင်လင်းမြင့်

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှာ တည်ရှိ တဲ့ ရန်ကုန်စတော့အိတ်ချိန်း အဆောက်အအုံ အတွင်း ကြီးမားတဲ့ ဒီဂျစ်တယ်ဘုတ်ကို လှမ်းကြည့်မိပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတွေရဲ့ ရှယ်ယာကိန်းဂဏန်း တွေ၊ ဈေးနှုန်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတွေရဲ့ ရှယ်ယာကိန်းဂဏန်း တွေ၊ ဈေးနှုန်းတွေနဲ့ အပြောင်းအလဲအတက် အကျတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာလည်း စတော့အိတ်ချိန်း ဖော်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံ ပိုင် စီးပွားရေးလုပ်ငန်းတွေလည်း ပါဝင်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေကို ရန်ကုန် စတော့အိတ်ချိန်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်ရေး အဲဒီလုပ်ငန်းတွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်မယ်လို့ ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြောထားပါတယ်။ တကယ်တော့ ရန်ကန်စတော့အိတ်ချိန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးဈေးကွက် ဖွံ့ဖြိုးလာစေဖို့အတွက် ဂျပန်နိုင်ငံနဲ့ ဆွေးနွေးပြီး အခုလို နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းတွေကို စတော့ဈေးကွက် ဝင်လာ စေဖို့ စဉ်းစားနေခြင်းလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ ကိုဗစ်-၁၉ အပါအဝင် စီးပွားရေးလုပ်ငန်းတွေရဲ့အခြေအနေ၊ ပြည်သူ တွေရဲ့ ငွေကြေးလည်ပတ်မှု အနေအထား တွေကြောင့် ရန်ကုန်စတော့အိတ်ချိန်းဟာ ရှယ်ယာ အရောင်းအဝယ်တွေ အေးနေပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ ခုနှစ် မတ်လမှာ ရှယ်ယာအရောင်းအဝယ်တွေ စတင် ပြုလုပ်ခဲ့ပေမယ့် ရှယ်ယာရောင်းဝယ်မှုတွေဟာ အနည်းငယ်နှေးကွေးနေခဲ့ပါတယ်။
ဒီလိုအခြေအနေကြောင့် ရန်ကုန်စတော့ အိတ်ချိန်းမှာ အကျိုးတူပူးပေါင်းဆောင်ရွက် နေတဲ့ ဂျပန် Daiwa Securities ကုမ္ပဏီက ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာကတည်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို အများပိုင် ကုမ္ပဏီအဖြစ် ဆောင်ရွက်သင့်တယ်လို့ အကြံပြုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုဆောင်ရွက်မယ်ဆိုရင် ဒီလုပ်ငန်းစဉ် ကို အစိုးရထံတင်ပြပြီး ဘယ်လိုစီစဉ်ဆောင် ရွက်သွားရင် ဖြစ်နိုင်မယ်ဆိုတာ စဉ်းစားနေ တယ်လို့လည်း သိရပါတယ်။ ရန်ကုန်စတော့ အိတ်ချိန်းမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ထဲက အကျိုးအမြတ်ရရှိနေတဲ့ လုပ်ငန်းတွေကို စတော့အိတ်ချိန်းကို ဝင်ရောက်စေကာ အများ ပြည်သူတွေအတွက် ရှယ်ယာဖိတ်ခေါ်ရန်လည်း စဉ်းစားနေမှုတွေ ရှိနေပါတယ်။
ရန်ကုန် စတော့အိတ်ချိန်းမှာ လက်ရှိ အချိန်အထိ စာရင်းဝင် ကုမ္ပဏီခြောက်ခုရှိနေ ပါတယ်။ ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှာ စတင် ခဲ့တဲ့ အချိန်ကနေပြီး ပထမမြန်မာရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီလီမိတက်(FMI)၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB)တို့က တစ်နှစ် အတွင်းမှာ အရောင်းအဝယ်ရှယ်ယာ ၃ ဒသမ ၆ သန်း ရှိခဲ့ပြီး ငွေကျပ် ဘီလီယံ ၈၀ ခန့်အထိ ရှိခဲ့တယ်လို့ ရန်ကုန်စတော့အိတ်ချိန်းစာရင်း တွေအရ သိရပါတယ်။
စတင်ရောင်းချနေပြီဖြစ်
အခုအချိန်မှာတော့ ရန်ကုန်စတော့ အိတ်ချိန်းမှာ THM ကုမ္ပဏီနဲ့ Ever River (EFR) ကုမ္ပဏီတို့လည်း စာရင်းဝင်ရောက်လာတာ ကြောင့် ကုမ္ပဏီခြောက်ခုအထိ ရှိလာပြီ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကြောင့် ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင်ဖို့ နှောင့်နှေးခဲ့တဲ့ EFR ကုမ္ပဏီကတော့ ၂၀၂၀ ပြည့်နှစ် မေ ၂၈ ရက်မှာ စာရင်းဝင်ကုမ္ပဏီအဖြစ် ရှယ်ယာတွေကို တစ်ခု ငွေကျပ် ၂၃၀၀ နဲ့ သတ်မှတ်ပြီး စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းမှာ အရင် ဝင်ရောက်ထားတဲ့ FMI, MTSH, MCB, FPB နဲ့ THM ကုမ္ပဏီတွေမှာ ရှယ်ယာရှင်ပေါင်း သုံးသိန်းကျော်ရှိပြီး ရှယ်ယာအရောင်းအဝယ် လုပ်တဲ့ ဘဏ်စာရင်းဖွင့်ထားသူ ၃၃၀၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကြောင့် အဲဒီ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုစလုံးဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အနည်းဆုံးရှယ်ယာ တစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီကျဆင်းတာဟာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက စတော့ရှယ်ယာဈေးကွက် ထိခိုက်မှုနဲ့ နှိုင်းယှဉ်ရင် အများကြီးလျော့နည်း တဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စတော့ရှယ်ယာဟာ အခြေအနေအရ သုံးသပ် ရင်တော့ စတော့ရှယ်ယာ အရောင်းအဝယ် က အနည်းငယ်အေးနေတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ကျင့်သုံးနေတဲ့ စတော့ရောင်းဝယ်မှုစနစ် ဟာ Call Auction စနစ်လို့ခေါ်ဆိုရမှာ ဖြစ်ပါ တယ်။
တွက်ချက်ပုံနဲ့အတူတူဖြစ်
ဒီစနစ်ကလည်း ကမ္ဘာ့စတော့ဈေးကွက် အများစုမှာ သုံးစွဲနေတဲ့ အဖွင့်ဈေး၊ အပိတ် ဈေး တွက်ချက်ပုံနဲ့အတူတူ ဖြစ်ပါတယ်။ ရန်ကုန်စတော့ဈေးကွက်မှာ ရောင်းဝယ် သူတွေအနေနဲ့ ပေးနိုင်တဲ့ အော်ဒါနှစ်မျိုး ရှိပါတယ်။ အဲဒါကတော့ Market အော်ဒါနဲ့ Limit အော်ဒါတို့ ဖြစ်ပါတယ်။ Market အော်ဒါကတော့ ဈေးကွက်အတွင်းမှာ ဖြစ်နေ တဲ့ မည်သည့်ဈေးနဲ့မဆို အရောင်းအဝယ် လုပ်မယ့်အော်ဒါ ဖြစ်ပြီး တန်းစီဇယားမှာ လည်း ဦးစားပေးအဆင့်အမြင့်ဆုံး ဖြစ်ပါ တယ်။ ဒီလိုရောင်းဝယ်မှုဟာ အသက်သာဆုံး ရနိုင်သလို ဈေးနှုန်းမြင့်တာနဲ့လည်း ကြုံတွေ့ ရနိုင်ပါတယ်။
Limit အော်ဒါကတော့ မိမိဝယ်ယူလို၊ ရောင်းချလိုတဲ့ ဈေးကို ကန့်သတ်ကာ အော်ဒါ တင်ခြင်းဖြစ်ပါတယ်။ ဒီလိုအော်ဒါတွေကတော့ မိမိကြိုက်ဈေးနဲ့ ကွက်တိတွေ့နိုင်မှသာ အရောင်းအဝယ်ဖြစ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိကန့်သတ်ထားတဲ့ ဝယ်ဈေးထက် နိမ့်တဲ့ဈေးနဲ့လည်း ရသွားနိုင်သလို မိမိ ကန့်သတ်ထားတဲ့ ဈေးနဲ့လည်း ပိုကြီးရသွား နိုင်ပါတယ်။
မျှတပြီး ပွင့်လင်းတဲ့ ဈေးကွက်
တကယ်တော့ စတော့ဈေးကွက် တည် ထောင်ရတာကတော့ ကုမ္ပဏီတွေအနေနဲ့ လိုအပ်တဲ့ ကာလရှည်ငွေကြေးအရင်းအနှီးကို ပြည်သူတွေဆီ ရှယ်ယာတွေ ထုတ်ဝေရောင်းချ ကာ စုစည်းဖြစ်တဲ့အပြင် ဝယ်ယူကိုင်ဆောင် ထားတဲ့ ရှယ်ယာရှင်ပြည်သူတွေအတွက်လည်း ငွေဖြစ်လွယ်မှု ထွက်ပေါက်ရရှိစေလိုရေးနဲ့ မျှတပြီး ပွင့်လင်းတဲ့ ဈေးကွက်ဖြစ်ပေါ်လာရေး တို့ပဲ ဖြစ်ပါတယ်။
ရန်ကုန်စတော့ဈေးကွက် ပိုမိုဖွံ့ဖြိုးလာဖို့ ဆိုရင်တော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် အကျိုးအမြတ်ရရှိနေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ အဖြစ်ပြောင်းကာ စာရင်းဝင်ကုမ္ပဏီအဖြစ် ပြုလုပ်ဖို့ နည်းလမ်းရှိပေမယ့် ဒါကနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆွေးနွေးသွားရဦးမှာ ဖြစ်ပါတယ်။ အရင်ဆုံး အစိုးရကိုတင်ပြပြီး ဘယ်လိုပုံစံနဲ့ သွားရင်ကောင်းမယ်ဆိုတာ စဉ်းစားထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလိုနည်းလမ်းမျိုး အကောင်အထည်ဖော် နိုင်ရင်တော့ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ အခြေ အနေဟာ အခုထက်ပိုမိုပြောင်းလဲမှုတွေ၊ ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်ပေါ်လာခဲ့ရင် ရန်ကုန်စတော့အိတ်ချိန်းမှာ ပြည်သူတွေ ပါဝင်မှု ပိုမိုများပြားလာနိုင်ကာ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ အနာဂတ် တိုးတက်ဖွံ့ဖြိုးမှု ပုံရိပ်ကောင်းကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ။

မြန်မာ့အလင်း ယနေ့ရန်ကုန်