အောက်တိုဘာ (၁၄) ရက်နေ့ အမျိူးသားကဇာတ်ရုံမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဖန်တီးမည့် စိုင်းစိုင်းခမ်းလှိုင် ဘာတွေ ပြင်ဆင်နေလဲ

ရန်ကုန် ၂၁ စက်တင်ဘာ

 

ဂီတလောကထဲကို အက်ဆစ်ဆိုသည့်အဖွဲ့နှင့်အတူ ဝင်ရောက်လာခဲ့ပြီး ထိုအဖွဲ့ကနေခွဲထွက်ကာ တစ်ကိုယ်တော်ဂီတကို ဖန်တီးခဲ့သည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သည် ဂီတနှင့်ပတ်သက်၍ ပရိသတ်ကို သူ၏ ငယ်ဘဝအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အောက်တိုဘာ (၁၄) ရက် ည (၆) နာရီခွဲတွင် ရန်ကုန်မြို့ ပန်တျာလမ်းရှိ အမျိူးသားကဇာတ်ရုံ၌ "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း" ဟု အမည်ပေးထားသော ဂီတဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

"သီချင်းအပုဒ် အရေအတွက်အနေနဲ့တော့ ကျွန်တော် သေချာမသတ်မှတ်ရသေးဘူး၊ (၁၇) ပုဒ်၊ အပုဒ်(၃၀) ကျော် တစ်ခုခုဖြစ်မယ်။ တစ်ကိုယ်တော်ပွဲဖြစ်တာမို့ ကျွန်တော့်သီချင်းတွေ သီးသန့်နားဆင်နိုင်အောင်လို့ပါ။ နောက် ဧည့်သည်အဆိုတော်တွေတော့ ပါမှာပါ။ ဒါပေမယ့် သူတို့က ကျွန်တော်နဲ့ တွဲဆိုခဲ့ဖူးတာတွေပဲ ဆိုမှာပါ။ သူတို့ကိုယ်ပိုင်သီချင်းတွေ ဆိုမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့  ခေါင်းစဉ်ပေးထားတဲ့အတိုင်း စိုင်းစိုင်းရှိုးဆိုတဲ့အတိုင်း ကျွန်တော့်ပွဲ သီးသန့်ဆိုလည်း မမှားပါဘူး” ဟုပြောသည်။

 

လက်မှတ်ဈေးနှုန်းများအနေဖြင့် အမျိူးသားကဇာတ်ရုံ ဖြစ်တာကြောင့် မိမိအနေဖြင့် မွေးနေ့ပွဲကျင်းပတုန်းကပုံစံမျိူး အများသူငါ လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်သလိုမျိူး ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ နေရာအခက်အခဲရှိသောကြောင့် ကန့်သတ်ချက်နှင့် ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

 

"အမျိူးသားကဇာတ်ရုံမှာ ဖျော်ဖြေမယ်ဆိုတော့ ကျွန်တော်ပျော်တာပေါ့။ ကျွန်တော်ငယ်ငယ်ကတည်း မက်ခဲ့တဲ့ အိမ်မက်တစ်ခုဆိုလည်း မမှားပါဘူး။  ကျွန်တော် အဆိုတော် ပေါက်စဘဝတုန်းက နောက်ခံသီချင်းလေးတွေ လိုက်ဆိုခဲ့ဖူးတယ်။ အဲ့တုန်းက မှတ်မှတ်ရရ မသီရီဂျေမောင်မောင်ပွဲမှာ ဆိုဖူးတာ။ အဲ့တုန်းက စိတ်ကူးတစ်ခုရှိဖူးတယ်၊ တစ်ချိန်ကျရင် ငါလည်း ဒီနေရာလေးမှာ ပွဲလေးလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးလေးရှိခဲ့ဖူးပါတယ်။ သံစုံတီးဝိုင်းလေးလည်း ပါတယ်ဆိုတော့ ကျွန်တော် ဒီနှစ်မှာတော့ အမျိူးသားကဇာတ်ရုံမှာပဲ လုပ်မယ်ဆိုပြီး ဖြစ်လာတာပါ။ ပရိသတ်နဲ့ အကြိုက်တူမယ်ထင်တဲ့  သီချင်းလေးကို ခေါင်းတည်ပြီး ပြုလုပ်မှာပါ။ ၂၀၁၁/၂၀၁၃ ခုနှစ်ကတည်းက သံစုံတီးဝိုင်းနဲ့က ဆိုခဲ့တာဆိုတော့ တစ်ပွဲလုံးကို သံစုံနဲ့ သီဆိုမှာပါ။ ဆရာဓိရာမိုရ်ရဲ့ အဖွဲ့နဲ့ သီဆိုမှာပါ" ဟု ဆိုသည်။

 

အဆိုပါ ပွဲလက်မှတ်များကို စက်တင်ဘာ (၁၆) ရက်မှ စတင်ပြီး ရန်ကုန်မြို့၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းရှိ Junction Cityတွင် စိုင်းစိုင်းကိုယ်တိုင် ပရိသတ်များနှင့် အတူတွေ့ဆုံကာ ရောင်းချသွားမည်ဖြစ်ပြီး လက်မှတ်များကို ပရိသတ်တစ်ဦးလျှင် လက်မှတ် (၂) စောင်နှုန်းဖြင့် သတ်မှတ်ရောင်းချသွားမည်ဖြစ်သည်။ လက်မှတ်တစ်စောင်လျှင် (၅၀ဝ၀ဝ၊ ၃၀ဝ၀ဝ၊ ၂၀ဝ၀ဝ၊ ၁၀ဝ၀ဝ) ကျပ်ဖြင့် သတ်မှတ်ရောင်းချသွားမည်ဟု သိရသည်။

 

ကိုလင်း