နေပြည်တော် ၂၁ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြအပ်ပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

 

အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် (၁၁.၁၀.၂၀၂၀)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ လည်းကောင်း၊ (၁၂.၁၀.၂၀၂၀) ရက်နေ့တွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး၊ (၁၃.၁၀.၂၀၂၀)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်း ကမ်းခြေကို ကာကီနာဒါမြို့ (Kakinada) အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ (၁၈.၁၀.၂၀၂၀) ရက်နေ့တွင် အနောက် တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်။ (၂၀.၁၀.၂၀၂၀)ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိခဲ့ပါသည်။

 

မိုးရွာသွန်းမှုအခြေအနေ

 

 ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- ပဲခူး တိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် ခန့်သာရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန် တို့အောက်လျော့နည်းခဲ့ပါသည်။

 

 မိုးရွာရက်များအနေဖြင့်- စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(ညောင်ဦးမြို့)၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၅)ရက်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် (၇)ရက် မိုးရွာသွန်းခဲ့ပြီး၊ ကယားပြည်နယ်(လွိုင်ကော်မြို့)တွင် မိုးရွာသွန်းခဲ့ခြင်းမရှိပါ။

 

အမြင့်ဆုံးအပူချိန်အခြေအနေ

 

 ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- ရန်ကုန် တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန် ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန်ထက် (၉)ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၆)ဒီဂရီဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက်အထိ၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက် အထိနှင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂) ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ကာ၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့အောက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂) ဒီဂရီ ဖာရင်ဟိုက်အထိ လျော့နည်းခဲ့ပါသည်။

 

အနိမ့်ဆုံးအပူချိန်အခြေအနေ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ- ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့အောက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၆)ဒီဂရီဖာရင်ဟိုက် လျော့နည်းခဲ့ကာ၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း) ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် (၁) ဒီဂရီ ဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် (၆)ဒီဂရီဖာရင်ဟိုက် ပိုခဲ့ပါသည်။

 

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၆၀%)မှ (၇၀%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၄%)မှ (၈၃%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် (၈၄%)မှ (၉၂%)အတွင်း အသီးသီးရှိခဲ့ပါသည်။

 

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် (၂၀မီလီမီတာ)မှ (၂၉မီလီမီတာ) အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၀မီလီမီတာ)မှ (၃၈ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၃၉ မီလီမီတာ) မှ (၄၅ မီလီမီတာ)အတွင်း အသီးသီးရှိခဲ့ပါသည်။

 

 (ဖြစ်နိုင်စွမ်း ပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)

 

မြေဆီလွှာအောင်းရေအခြေအနေ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ-

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (ခြောက်သွေ့)အခြေအနေ၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (စိုစွတ်)အခြေအနေနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်၀)အခြေအနေ အသီးသီးရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (တတိယ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

 ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ

 

 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 

မိုးအခြေအနေ

 

မိုးရွာသွန်းမှုအခြေအနေမှာ- စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

မိုးရွာရက်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

mdn