အောင်ခြင်းနိမိတ် အခေါ် ဘူမိဖဿမုဒြာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

သီဟစည်သူ

သုခါ ရုက္ခဿဆာယာဝ၊ တတော ဉာတိမာတာပိတု။ တတော အာစရိယောရညော၊ တတော ဗုဒ္ဓဿနေကဓာ။

သစ်ပင်၏ အရိပ်သည်လျှင်ချမ်းသာ၏။ ထိုသစ်ပင်အရိပ်၏ ချမ်းသာသည်ထက် ဆွေမျိုးမိဘ၏ အရိပ်သည်ချမ်းသာ၏။ ထိုဆွေမျိုးမိဘအရိပ် ချမ်းသာသည်ထက် ဆရာသမား၏ အရိပ်သည်ချမ်းသာ၏။ ထိုဆရာသမားတို့၏ အရိပ်ချမ်းသာသည်ထက် မင်း၏အရိပ်သည်ချမ်းသာ၏။ ထိုမင်း၏ အရိပ်ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟု ဆိုအပ်သောတရားသည်များစွာသော အပြားအားဖြင့် ချမ်းသာ၏။ (လောကနီတိ၊ သုဇနကဏ္ဍ - အပိုဒ် ရေ ၅၀)

ဖော်ပြပါ လောကနီတိကျမ်းအဆိုအရ ဤလောက၌ ချမ်းသာရာအကြောင်းသည် မြတ်ဗုဒ္ဓ၏အရိပ်ဟုဆိုအပ်သော တရားဒေသနာတော်ဖြစ်သည်နှင့်အညီ သာသနာတော်အဓွန့်ရှည်တည်တံ့စေရေး အဖို့ဘာဂဖြင့် အားထုတ်ဆောင်ရွက်ခြင်းသည်သာလျှင် မြတ်သောချမ်းသာကို ရရှိစေနိုင်လိမ့်မည်ဖြစ်ပေသည်။ ထိုထိုသော ချမ်းသာအရိပ်ကို ရရှိစေလိုခြင်းအလို့ငှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် ကမ္ဘာ့ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆရာတော်များအပါအဝင် သံဃာတော်အပါး ၉၀၀ တို့ကြွရောက်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို အောင်မြင်စွာ ဝှဲချီးဆင်ယင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။

ဓမ္မစေတီများ

ထို့အတူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သီတင်းသုံးတော်မူရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း ၂၄ ဆောင်ကုန်သော ဂန္ဓကုဋိတိုက်တော်များ၌ ၂၄ ပါးကုန်သော ပဋ္ဌာန်းကျမ်းမြတ်မှ ပဋ္ဌာန်းပစ္စယသတ္တိကို ဖော်ညွှန်းသော မြန်မာမှုအနုလက်ရာများ၊ မြတ်စွာဘုရားရှင်၏ နှုတ်ကပ္ပတ်တော်များဖြစ်သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကုန်သော ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ၊ ဋီကာဓမ္မစေတီများဖြစ်သည့် ကျောက်စာအချပ်ရေ ၁၄၄၀ ကိုလည်း ကျောက်စာရုံစေတီ ၇၂၀ ၌ ပါဠိ၊ မြန်မာ၊ ရိုမန်ဘာသာများဖြင့် ထွင်းထုပူဇော်ထားရှိပေသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ပူဇော်ရာတွင်လည်း နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သောလက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်ထား ခြင်းဖြစ်ပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အခြားသောသာသနိကအဆောက်အဦများကို ရတနာပုံခေတ် မြန်မာ့အနုပညာလက်ရာများဖြင့် ပြည့်စုံစွာ ထည့်သွင်းပူဇော်ထားခြင်းဖြစ်သည်။

ဘူမိဖဿမုဒြာ

ဘူမိဖဿမုဒြာပုံစံမှာ ဘယ်ဘက်လက်ဖဝါးကို တင်ပလ္လင်ခွေပေါ်သို့တင်ကာ အထက်သို့လှန်ထားပြီး ညာဘက်လက်ဖဝါးကိုမူ ညာဘက်ဒူးပေါ်၌ မှောက်လျက်တင်ကာ မဟာပထဝီမြေကြီးကို ညွှန်ပြနေသောပုံစံဖြစ်သည်။ လက်ချောင်းတော်အနေအထားကား အောက်သို့ညွှန်ပြနေသည့်ပုံစံဖြစ်သည်။ လက်ယာလက်ဖမိုးကိုလှန်၍ ခြေခွင်ပေါ်တင်ထားပြီးလျှင် လက်ဝဲလက်ကို ပလ္လင်ပေါ်သို့ဖြစ်စေမြေကြီးကိုဖြစ်စေ၊ ထောက်ပြထားသော ဘူမိဖဿမုဒြာ ပြောင်းပြန်ပုံကိုလည်း တွေ့ရတတ်သည်။ ပုဂံအာနန္ဒာစေတီတော်တွင်းမှပုံတော်များကို ဤဘူမိဖဿမုဒြာ ပြောင်းပြန်ပုံဖြင့် တွေ့ရှိနိုင်ကြောင်း သိရသည်။

အထူးသဖြင့် ဘူမိဖဿမုဒြာသည် အောင်ခြင်းရှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သောကြောင့် ယင်းရုပ်ပွားဆင်းတုကိုကိုးကွယ်လျှင် တရားနိုင်ခြင်း၊ သက်သေအောင်နိုင်ခြင်း၊ စစ်ထိုးရာ၌ အောင်မြင်ခြင်း၊ ရန်သူတို့က မကြံစည်မတိုက်ခိုက်နိုင်ခြင်း၊ ခံ့ညားတည်ကြည်၍ မတုန်မလှုပ် နောက်မဆုတ်ခြင်းစသော အနက်အဓိပ္ပာယ်သဘောတရားများကို ဆောင်လေသည်။ အကျိုးအာနိသင်ရှိသည်ဟုလည်း ယုံကြည်ကြလေသည်။

“လောကီဂန္ဓာရီအလိုအရမူကား…

ရန်သူတကာကိုအောင်မြင်နိုင်ခြင်း၊ တရားအမှုတွင် မိမိဘက်မှ လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရခြင်း၊ အစိမ်းသားရဲ သင်းကွဲပြိတ္တာနတ်မိစ္ဆာတို့၏ ပယောဂနှောင့်ယှက်မှုကိုနှိမ်နင်းနိုင်ခြင်း၊ သေလုမြောပါးဖြစ်နေသော လူနာအား အသက်မသေဝေဒနာမှ ချမ်းသာရာရစေခြင်း၊ ဆင်ကြမ်း၊ မြင်းကြမ်း၊ နွားကြမ်း၊ သူရဲကြမ်းတို့ကို အောင်နိုင်ခြင်း၊ မြို့ရာ၊ နယ်ရာ၊ အိမ်ရာ၊ မြေရာ၊ ကျောင်းရာ စသည်တို့ကို စတင်ရှင်းလင်းခုတ်ထွင်ရာ၌ မြေကြမ်းကိုအောင်နိုင်ခြင်း၊ ရဲရင့်စေခြင်း၊ စစ်ထိုးစစ်ဆင်စစ်ချီရာ၌ ရန်သူတကာကိုအောင်ပွဲရခြင်း၊ သုံ့ပန်းများကို အရှင်လတ်လတ်ဖမ်းဆီးရမိခြင်း၊ တနိုင်ငံလုံးကို စိုးမိုးလွှမ်းခြုံ၍ အာဏာတန်ခိုးထက်မြက်ခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း စသည့်အကျိုးထူးများကို မုချအောင်မြင်ရရှိနိုင်သည်။ မာရဝိဇယမုဒြာဟူ၍၎င်း၊ ဘူမိဖဿမုဒြာဟူ၍၎င်း ခေါ်တွင်အပ်သည်ဟူ၍ တန္တရာယာန ဝဇီရာယာနကျမ်းများ၌ မိန့်ဆိုထားကြောင်း” မြန်မာ့ရိုးရာပဋိမာသိပ္ပံပညာ မုဒြာများစာအုပ်၊ စာ ၆၉-၇၀ တွင်ဖော်ပြထားပါသည်။

မာရ်နတ်ကို အောင်တော်မူခန်း(အကျဉ်း)

သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗောဓိပင်သို့ကပ်ပြီး အရှေ့အရပ်မှရပ်တော်မူ၍ လမ်းတွင် သောတ္တိယပုဏ္ဏား မြက်ထမ်းသားလှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို အဖျားကကိုင်၍ ကြဲဖြန့်တော်မူလျှင် တစ်ဆယ့်လေးတောင်အပြန့်ကျယ်သော အပရာဇိတပလ္လင်တော်ပေါ်ပေါက်လာ၍ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူ၏။ ထိုအခိုက်တွင် ဝသဝတ္တီနတ်ပြည်သား မာရ်နတ်သားသည် ဂီရိမေခလာဆင်ကိုစီး၍ လက်ရုံးများ တစ်ထောင်တွင် အစွမ်းထက်သော လက်နက်များကိုင်ဆောင်ပြီး နတ်စစ်သည်အပေါင်းတို့ကိုလည်း ကြောက်စရာအသွင် အမျိုးမျိုးဖန်ဆင်းပြီး လှိုင်းလုံးကြီးများကဲ့သို့ လှိမ့်၍လှိမ့်၍ တစ်အားကုန်လာကြသည်။ သို့သော် မာရ်နတ်နှင့်တကွ မာရ်စစ်သည်တို့သည် အနားမကပ်ဝံ့ဘဲ ဝိုင်းရံ၍သာနေကြကုန်၏။

မြတ်စွာဘုရားသည် ပါရမီဆယ်ပါး ကုသိုလ်တရားတို့ကိုသာ စဉ်းစားဆင်ခြင်၍ နေတော်မူ၏။ မာရ်နတ်သားသည် လက်နက်ကြီးကိုးပါးဖြင့် ပစ်ခတ်သော်လည်း မြတ်စွာဘုရား၏ ရှေ့တော်သို့ပန်းကုံးကြီးများ၊ ပန်းလုံးကြီးများ ပန်းပွင့်ကြီးများအဖြစ်ကျလာကြသည်။ မြတ်စွာဘုရားသည် လက်ျာလက်တော်ကို သင်္ကန်းအတွင်းမှထုတ်ကာ မဟာပထဝီမြေကြီးကို ရှေးရှုညွှန်ပြ၍ သက်သေတည်သောခဏ၌ မဟာပထဝီမြေကြီးသည် အိုးထိန်းစက်သို့ သွက်သွက်လည်ကာ သည်းထန်စွာ မြည်ဟည်းလေသည်။ ထိုအခါမာရ်စစ်သည်တို့ ကြောက်လန့်တကြား ပြေးလွှားကြရုံမက မာရ်နတ်သားသည်ပင် ဂီရိမေခလာဆင်ကြီးကို ပြန်စောင်း၍မှ မကြည့်နိုင်ဘဲ အားသွန်ပြေးရာ ဝသဝတ္တီသို့ပင်အရောက်ပြန်ကြလေသည်။ ဤသို့လျှင် မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၊ နေမဝင် ဒေဝ ပုတ္တမာရ်- ဝသဝတ္တီမာရ်နတ်ကို အောင်မြင်တော်မူခဲ့လေသည်။           

ဘူမိဖဿမုဒြာဟန်ဖြင့် အများဆုံးတွေ့ရှိ

မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓဆင်းတုရုပ်ပွားတော်များနှင့် အက္ခောဘျဘုရား၏ ရုပ်ပွားတော်အချို့ကို ဤဘူမိဖဿမုဒြာဟန်ဖြင့် အများဆုံးတွေ့ရှိရသည်။ ပြည်ခရိုင် ခင်ဘကုန်း ငွေခေါင်းပူဘုရား ပလ္လင်ခွေရုပ်ပွားတော်သည်လည်းကောင်း၊ ပုဂံမြို့ လောကထိပ်ပန်စေတီတော်တွင်းမှ အဋ္ဌမဟာဋ္ဌာနရုပ်ပွား တော်သည်လည်းကောင်း၊ မန္တလေးမြို့ မဟာမုနိရုပ်ပွားတော်ကြီးသည်လည်းကောင်း ဘူမိဖဿမုဒြာဟန်များဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ထို့အတူ ပုံစံအားဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးစေတီတော်အတွင်းရှိ ဆင်းတုတော်ကြီးများသည်လည်း ဘူမိဖဿမုဒြာများဖြင့် ရှိတော်မူကြပြီး ရန်ကုန်မြို့ ကမ္ဘာအေးကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ပြတိုက်တွင် ဘူမိဖဿမုဒြာပုံတော်တစ်ဆူကိုလည်း စာတန်းထိုး၍ ပြသထားသည်ကိုတွေ့ရကြောင်း၊ အမရပူရမြို့ ကျောက်တော်ကြီးဘုရား ရုပ်ပွားတော်သည်လည်း ဘူမိဖဿမုဒြာဖြင့်ရှိကြောင်း သိရှိရပေသည်။

ဤသို့ ဗုဒ္ဓမြတ်စွာတရားဒေသနာတော်၌ ဟောဖော်ညွှန်ပြသည့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော ရတနာမြတ်အပေါင်းတို့၏ ဂုဏ်ကျေးဇူးကို သက်ဝင်ကြည်ညိုကြသည့် ဦးဆောင်ဘုရားဒကာဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်တကွသော စေတနာရှင်အလှူရှင်အပေါင်းတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်မြတ်ကြီးကို မြတ်နိုးကော်ရော် ပူဇော်သောအားဖြင့် တည်ထားကိုးကွယ်ခဲ့ကြသည်။

ဤကောင်းမှုအဖို့ဘာဂနှင့်ပတ်သက်သည့် ပတ္ထနာဆုတောင်းတွင် “ဤသို့လျှင် မြတ်နိုးကြည်ညိုဖွယ်ရာ ဂုဏ်တော်အထူးတို့နှင့် ပြည့်စုံတော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဗုဒ္ဓဥယျာဉ်တော်ကြီး၊ ဓမ္မစေတီကျောက်စာတိုက်တော်တို့နှင့်တကွ တည်ထားကိုးကွယ်ပူဇော်ကြရသော မွန်မြတ်သော ဤကုသိုလ်ကံ စေတနာအစွမ်းအာနုဘော်တော်အထူးတို့ကြောင့် ရည်ရွယ်ချက်လေးရပ်တို့သည် ပြည့်စုံကြကုန်သည်ဖြစ်၍ မိမိတို့နှင့်တကွ သဒ္ဓါပညာစိတ်ထား တူညီကြကုန်သော သူတော် ကောင်းအပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်မြတ် ဘုန်းရိပ် ကံရိပ် ဉာဏ်တော်အရိပ်တို့၏အောက်၌ အေးချမ်းစွာနေထိုင်ကြကုန်လျက် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးကို သားစဉ်မြေးမြစ်အစရှိသည့် အဆက်ဆက်သို့တိုင်အောင် နှစ်ပေါင်းရာထောင်များစွာ ဆည်းကပ်ကိုးကွယ် ပူဇော်စောင့်ရှောက်နိုင်ကြရပါစေသတည်း။ ထို့ပြင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးသည်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို  ဗဟိုချက်မပဓာနပြုလျက် ကမ္ဘာ့နိုင်ငံအရပ်ဒေသအသီးသီးတို့သို့ တိုးတက်ပြန့်ပွားထွန်းကားနိုင်ပါစေသတည်း။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းသားပြည်သူအပေါင်းတို့သည်လည်း ညီရင်းအစ်ကို မောင်ရင်းနှမ တူမျှစွာ တစ်စိတ်တစ်ဝမ်းတည်း အသီးအသီး တညီတညွတ်တည်းရှိကြကုန်သည်ဖြစ်၍ ဆင်းရဲခြင်း ဘေးဒုက္ခအနှောင့်အယှက်အမျိုးမျိုးတို့မှ ကင်းဝေးကြကုန်ပြီးလျှင် စားရေရိက္ခာအသုံးအဆောင်၊ ရတနာမျိုးစုံတို့သည် ပြည့်စုံပေါများကြွယ်ဝကြ၍ တိုင်းပြည်သာယာဝပြောသည့် အားလျော်စွာ လောကီချမ်းသာသုခအမျိုးမျိုးတို့ကို ပြည့်စုံစွာ ခံစားစံစားနိုင်ကြရပါစေသတည်း” ဟု မော်ကွန်းတင်ကမ္ပည်းကျောက်စာတွင် ရေးထိုးထားသည်ဖြစ်၍ စေတနာရှင်များ၏ ကုသိုလ်တော်ကို သဒ္ဓါစိတ်ဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါသည်။

သာဓု….သာဓု…သာဓု….

ကိုးကား -

(၁) မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် မော်ကွန်းတင်ကမ္ပည်းကျောက်စာ။

(၂) မြတ်ဗုဒ္ဓ၏ အောင်ခြင်းရှစ်ပါးဇာတ်တော်များ စာအုပ်၊ ဆန်းညွန့်ဦး ဦးလှခင်။

(၃) လောကနီတိ၊ တက်တိုး။

(၄) မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ မုဒြာများ စာအုပ်၊ စဝ်ထွန်းမှတ်ဝင်း။

(၅) https://cincds.gov.mm/node/15583?d=1