လာ့စ်ဗီးဂတ်စ်  ဇန်နဝါရီ  ၇

လာ့စ်ဗီးဂတ်စ်မြို့တွင် စီအီးအက်စ်ကုန်စည်ပြပွဲကို ဇန်နဝါရီ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ပြပွဲတွင် နောက်ဆုံးပေါ်နည်းပညာများကို ပြသထားသည်။ 

ကုမ္ပဏီပေါင်းများစွာက လူပုံစံစက်ရုပ်များနှင့်  အသိဉာဏ်တနည်းပညာ(အေအိုင်) စွမ်းအင်သုံးကုန်ပစ္စည်းများကို ပြသထားသည်။  ကမ္ဘာ့အကြီးဆုံးနည်းပညာ ပြပွဲကြီးတစ်ခုဖြစ်သည့်   အဆိုပါ ပြပွဲတွင် စီးပွားရေးအဖွဲ့အစည်းနှင့် အခြားသောအဖွဲ့အစည်းပေါင်း ၄၁၀၀   ကျော် ပါဝင်ပြသခဲ့ကြသည်။

တရုတ်ကုမ္ပဏီတစ်ခုသည် အိမ်မှုကိစ္စများ လုပ်ဆောင်ပေးနိုင်သည့် စက်ရုပ်ကို ပြသခဲ့သည်။ အဆိုပါစက်ရုပ်သည် အသုံးပြုပြီးသားအဝတ်များကို ကောက်ယူကာ အဝတ်လျှော်စက်အတွင်းသို့ ထည့်နိုင်သည်။

ထို့ပြင် လက်ဖက်ရည်အိုးကို ဆွဲယူနိုင်ကာ  ခွက်အတွင်းသို့ လက်ဖက်ရည်ထည့်ပေးနိုင်သည်။ သက်ရှိနှင့်အလားသဏ္ဌာန်တူသည့် စက်ရုပ်များလည်း  ပြသထားသည်။   အမေရိကန်ကုမ္ပဏီက ပြသထားသည့် စက်ရုပ်သည် ဧည့်ကြိုတာဝန်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်။

အဆိုပါစက်ရုပ်များသည် မျက်တောင်ခတ်ခြင်းနှင့် မျက်နှာအမူအရာများကိုလည်း  ပြုလုပ်နိုင်သည်။  ထို့ပြင် ဆက်သွယ်မှုပြုလုပ်နိုင်ရန် လူ၏မျက်နှာအခြေအနေကိုလည်း အကဲခတ်နိုင်စွမ်းရှိသည်။

ဂျပန်ကုမ္ပဏီတစ်ခုက  ပြသထားသည့် အေအိုင်နည်းပညာတွင် လူ၏စိတ်ခံစားမှုအပေါ် အခြေခံကာ အခန်းတွင်း မီးအလင်းအမှောင်ကို ချိန်ညှိပေးနိုင်သည့် စနစ်ကိုတွေ့ရသည်။

ပြပွဲကို ဇန်နဝါရီ ၉ ရက်အထိ ဆက်လက်ပြသသွားမည်ဖြစ်ပြီး ဧည့်သည်ပေါင်း၁၂၀၀၀၀လာရောက်ကြည့်ရှုမည်ဟု   ခန့်မှန်းထားသည်။            

အင်န်အိတ်ချ်ကေ