ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၄၆ )
----------------------------------
ဦးဟန်ညွန့် (ဥပဒေ)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ (၂၀၂၀)
ဒီဇင်ဘာလ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့အခမ်းအနားကို နေပြည်တော် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်ကြီးများ တက်ရောက် အမှာစကားပြောကြားခဲ့ကြပါသည်။
ရည်မှန်းချက်ပန်းတိုင်
“အဂတိလိုက်စားမှုရဲ့ အကျိုးဆက်များဟာ ကြီးမားကျယ်ပြန့်ပြီး ကုလသမဂ္ဂရဲ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDGs) များကို ယိုယွင်းပျက်စီးစေခြင်း၊ ဆင်းရဲ နွမ်းပါးမှုနဲ့ မညီမျှမှုကို ဖြစ်ပေါ်စေခြင်း၊ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်များ ကျဆင်းလာစေခြင်း၊ အခြေခံအဆောက်အအုံများ ဆုံးရှုံးခြင်းတို့အပြင် မှန်ကန်မျှတမှုမရှိတဲ့ စီးပွား ရေးနဲ့ နိုင်ငံရေးစနစ်များ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးကွဲများ ပျက်စီးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများကို လည်း ဖြစ်ပေါ်လာနိုင်စေပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှုဟာ ကမ္ဘာပေါ်ရှိ အုပ်ချုပ်သူ အစိုးရများအတွက် ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်ဖို့လိုအပ်တဲ့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက၏အမှာစကား
“အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ် ကာလမှာ နိုင်ငံအတော်များများကို ပျက်စီး ယိုယွင်းစေတဲ့ အခြေခံပြဿနာတစ်ရပ် ဖြစ်ပါ တယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လူအများက အဂတိ လိုက်စားခြင်းဆိုတာကို လာဘ်စားခြင်းတစ်ခု တည်းဟုသာ အမြင်မှား၊ အသိမှားနေတတ်ကြပြီး အမှန်တကယ်တော့ အဂတိတရားလေးပါးဖြစ်တဲ့ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိနဲ့ ဘယာဂတိ အားလုံးပါဝင်သက်ဆိုင်ကြောင်း” ဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က မှာကြားခဲ့ ပါသည်။
ပြည်ထောင်စုတရားသူကြီးချုပ်၏အမှာစကား
“တရားစီရင်ရေးစနစ်သည် မျှတပြီး ဘက်လိုက်မှုကင်းရှင်းစွာဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်မှသာ တရားစီရင်ရေးဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှာ ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ တရား စီရင်ရေးမဏ္ဍိုင် တည်တံ့ခိုင်မြဲ၍ တရားစီရင်ရေး၌ ဖြောင့်မတ်မှန်ကန်မှသာလျှင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ အခြေခံအခွင့် အရေးများကို ပြည်သူများ ရရှိခံစားနိုင်မှာ ဖြစ်ပါ တယ်။
“တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှု သည် တရားစီရင်ရေးအဖွဲ့အစည်း၏ လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် ဖြောင့်မတ်တည်ကြည်မှု ဆိုင်ရာ မူများကို ပျက်ယွင်းစေတဲ့အပြင် / တရား စီရင် တရားမျှတမှုစနစ် တစ်ရပ်လုံးအပေါ်လည်း အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို ကျဆင်း စေပါတယ်”ဟု ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက မဟာဗျူဟာ စီမံချက်(၂၀၁၈−၂၀၂၁)အကြောင်းကို ရှင်းလင်း တင်ပြခဲ့ပါသည်။
အဂတိလိုက်စားမှုဆိုသည်မှာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ တွင်-
ဤဥပဒေတွင် ပါရှိသော အောက်ပါစကား ရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်ဟု ဖော်ပြထားပါသည်-
(က) အဂတိလိုက်စားမှု ဆိုသည်မှာ
အောက်ပါတို့ကို ဆိုသည်-
(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြား နည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာ ကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေ နှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေ နှင့်အညီ ရထိုက်သော အခွင့် အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့် မရှိသော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦး တစ်ယောက်အား ပေးခြင်း၊ ပေးရန် အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက် ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊
(၂) မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့ အစည်း သို့မဟုတ် အခြားအဖွဲ့ အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့ ၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်း ဖျက်သိမ်းခြင်းပြုရာ တွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင်ပါဝင်ခြင်း၊ စီမံ ဆောင်ရွက်ခြင်း ပြုရာတွင် ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခြင်းဟု ဖွင့်ဆိုထားပေသည်။
အမျိုးသားအဆင့်မဟာဗျူဟာ
အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲလျက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ကြ ရမည်ဖြစ်ပေသည်။ ရည်ရွယ်ချက်မှာ ခေါင်းဆောင် များ၏ စိတ်စေတနာရှိမှု၊ ပြည်သူလူထု၏လိုလားတောင်းဆိုမှုနှင့် ကျယ်ပြန့်သော အားပေးထောက်ခံ မှုတို့ကို ဖြစ်ထွန်းပေါ်ပေါက်စေပေသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေသည့် အဂတိ လိုက်စားမှုများကို တိုက်ဖျက်သွားရမည် ဖြစ်ပေ သည်။ ကျယ်ပြန့်သော စံနှုန်းသတ်မှတ်ချက်များ နှင့်အညီ စနစ်တကျ စုစည်းမှုထားရှိရမည် ဖြစ်ပေ သည်။ စိုးရိမ်ကြောင့်ကြမှု မရှိစေဘဲ အစွန်းတရား များကို ရှောင်ရှား၍ နက်ရှိုင်းသော ရည်ရွယ်ချက် များဖြင့် ရှေ့သို့ ဆက်လက်ချီတက်သွားရမည် လည်း ဖြစ်ပေသည်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ အထောက်အကူ ပြုကော်မတီများ၊ ပုဂ္ဂလိကအရပ်ဘက်အဖွဲ့အစည်း များ၊ ပြည်သူအများ ပါဝင်ပူးပေါင်းဆောင်ရွက်ကြ ရမည် ဖြစ်ပေသည်။
မြန်မာအဆင့်(၁)
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က ပြုလုပ်သည့် Global Corruption Barometer ASIA 2020 စစ်တမ်းတွင် အာရှ (၁၇) နိုင်ငံ၌ မြန်မာ နိုင်ငံသည် အဆင့် (၁) နေရာတွင် အမြင့်ဆုံး အသိအမှတ် ပြုခြင်းခံရပါသည်။ အောင်မြင်မှုများကို အင်အားအဖြစ်ခံယူပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းအစီအစဉ်ကို ပြည်သူတို့နှင့် အတူ ရှေ့သို့ခရီးဆက်ကြရပေဦးမည်။
လုပ်ငန်းအစီအစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သည် -
ပေါ်လစီ မူဘောင်ဖွံ့ဖြိုးတိုးတက်ရေး(Devel-oping the policy framework)၊ ဥပဒေ မူဘောင် ခိုင်မာရေး(Strengthening the Legal frame-work)၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး(Nation-wide Corruption Prevention)၊ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး (Anti-Corruption Awareness Raising and Integrity Enhancing)၊ ဌာန စွမ်းဆောင်ရည်မြှင့်တင်ရေး (Institutional Capacity)၊ ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင် ရေး (Capacity Building)၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အဂတိလိုက်စားမှု တွန်းလှန်တိုက်ဖျက်ရေး အစီအစဉ်များအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး(Internatio-nal Relations)၊ အမြဲမပြတ်စောင့်ကြည့်ရေးနှင့် သုံးသပ်အကဲဖြတ်ရေး (Monitoring & Evaluation) တို့ကို ဆောင်ရွက်ရန် စီစဉ်လျာထားပေသည်။ အားနည်းချက်များကိုလည်း အစဉ်ဝေဖန်သုံးသပ် လျက် ပြုပြင်ဆောင်ရွက်သွားကြရပေမည်။
စေတနာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း ၍ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့တွင် ပြည်သူနှင့်အတူ ကျွန်တော် တွေးခေါ်စဉ်းစားမိသော စေတနာဥပဒေအတွေး မျှသာပါ . . . ။ ။
မြန်မာ့အလင်း


