အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခံရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်အပေါ် စီရင်ချက်အမိန့်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ နစ်နာသူက ၎င်းပိုင်ဆိုင်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-18)၊ ဧရိယာ (၂ ဒသမ ၃၀)ဧကအား စောင့်ရှောက်ရန်အတွက် စာရွက်စာတမ်းများဖြင့် တရားဝင် ပြန်လည်လွှဲအပ်ခြင်းခံရသူမှ ဆေးကုသမှုခံယူနေစဉ်အတွင်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်း ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင်သည် မည်သူ့မှ အသိပေးအကြောင်းကြားခြင်း မပြုဘဲ ၎င်းမြေကွက်၏ပုံစံ(၇)အား တရားမဝင်ထုတ်ယူခဲ့ပြီး ပုံစံ(၇)စာရွက်စာတမ်းများကို အကြောင်း ပြု၍ မြေဝယ်ယူသူထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၃၉၅၀ တိတိအား လက်ခံရယူခဲ့ခြင်း အပေါ်အရေး ယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်သည် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း အခွင့်အာဏာကိုအသုံးပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ မွန်ပြည်နယ် တရားလွှတ်တော်တွင် ၂၀၁၇ခုနှစ် ဇူလိုင် (၃၁)ရက် တွင် တရားစွဲဆိုတင်ပို့ခဲ့သည်။

 

မွန်ပြည်နယ်တရားလွှတ်တော်က ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ဦးကျော်သူရလှိုင်အားအလုပ်နှင့် ထောင်ဒဏ် (၇)နှစ် ကျခံစေရန် ဒီဇင်ဘာ ၁၃ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်း ရရှိသည်။

 

(သတင်းစဉ်)