အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ ချက်သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား လက်ခံတွေ့ဆုံခြင်း

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ချက်သမ္မတနိုင်ငံ သံရုံးမှသံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား ယနေ့ မွန်းလွဲ နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များနှင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ဖွဲ့စည်းရေးကိစ္စရပ်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် နည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးပေးရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

 

ချက်သမ္မတနိုင်ငံ သံအမတ်ကြီးကလည်း ၎င်းတို့နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့သည်။

 

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)