ကိုရင်ဩ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးက ဆက်လက် ခေါင်းထောင်လျက်ရှိကာ ကမ္ဘာသူ ကမ္ဘာသားတို့အား ဖိစီးနှိပ်စက်မှုအတောမသတ်သေးသော ကာလတွင် ဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍကို ဖော်ကျူးထားသောဆောင်းပါးတစ်ပုဒ်အဖြစ် “ကပ်ဘေးကာလ ဆိုရှယ် မီဒီယာနှင့် အီး-ဒီမိုကရေစီ” ဟူ၍ အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ နည်းပညာခေတ်၏ အသီးအပွင့်များကို စားသုံးလျက် လူမှုဆက်ဆံရေးပုံစံသစ်နှင့် အီး-ဒီမိုကရေစီ ဖော်ဆောင် လျက်ရှိနေပုံကို ကျွန်ုပ် စေ့ငုလေ့လာမိလေ၏။

“ပင်မရေစီးမီဒီယာ” ဖြင့် စီးမျောခဲ့ကြသော လူသား တို့မှာ ယနေ့ကာလတွင် နည်းပညာခေတ်၏ “ဆိုရှယ် မီဒီယာ” နှင့်အတူ အသစ်တစ်ဖန် စီးမျောနေကြချိန်တွင် ပြည်သူများအတွင်း တစ်ဦးနှင့်တစ်ဦး တွေ့ထိဆက်ဆံ နိုင်သော နည်းလမ်းအတွက်သာမက ပြည်သူ့ရေးရာ လုပ်ငန်းဆောင်တာများတွင် ပါဝင်နိုင်သောနည်းလမ်း အတွက်ပါ “အွန်လိုင်း” ပေါ် အသီးသီး အသကအသက တက်လာကြပေသည်။

ပြောင်းလဲစေ

“ပင်မရေစီးမီဒီယာ” ထက်ပိုမိုအရှိန်အဟုန် လျင်မြန်စွာ သတင်းများနှင့် အချက်အလက်များကို ဖြန့်ချိပေးနိုင်စွမ်းရှိသော “ဆိုရှယ်မီဒီယာ”(ဝါ) “လူမှု မီဒီယာ” သည် တစ်လောကလုံး ထူးထူးခြားခြားဖြစ်ပျက် နေပုံကို တစ်မုဟုတ်ချင်း အသိပေးနိုင်စွမ်းမြင့်မား၏။ လူတို့၏ သတင်းစားသုံးမှုပုံစံနှင့် အချက်အလက်များ ရယူပုံနည်းလမ်းကို ပြောင်းလဲစေ၏။

“ဆိုရှယ်မီဒီယာ”၏ ဩဇာလွှမ်းမိုးမှု ကြီးမားလှပေ ရကား “ပင်မရေစီးမီဒီယာ” များက “လူမှုမီဒီယာ” ပလက်ဖောင်းကို တစ်ဖက်တစ်လမ်းအသုံးပြု၍ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် ကြိုးပမ်းအားထုတ်လာကြရ၏။

လူထုအတွင်း ထူးမခြားလှသည့် အကြောင်းအရာများမှသည် ထူးထူးခြားခြား အကြောင်းအရာများအထိ ဖြစ်ပျက်နေသမျှ အခြင်းအရာ အစုံအလင်သည် “လူမှု မီဒီယာ” ၏ ကြေးမုံပြင်ပေါ်ဝယ် ပုံရိပ်ထင်လျက်ရှိပေ သည်။ ဆိုရှယ်မီဒီယာ သုံးစွဲသူက လွှင့်တင်လိုက်သော အကြောင်းခြင်းရာ စုံစီနဖာသည် လူမှုမီဒီယာ၏ ဖန်သားပြင်ပေါ်ဝယ် ထင်ကျန်ရစ်သည်။ (နည်းပညာ ဝေါဟာရအရ ယင်းမှာ လူမှုမီဒီယာ၏ Feeds ဖြစ်သည်။)

ဟုတ်နိုးနိုး၊ မှန်နိုးနိုး

“ဒစ်ဂျစ်တယ်နည်းပညာ သွတ်သွင်းခြင်း” ခေတ်ကြီးထဲ ပြည်သူများအတွင်း ဆိုရှယ်မီဒီယာကို အသုံးပြုမှု များပြားလာပြီး ယုတ္တိမတန်လှသောသတင်း များ၊ အချက်အလက်များက အွန်လိုင်းပလက်ဖောင်းပေါ် ပလူပျံလာရာ စဉ်းစားတွေးခေါ်ပုံ နိမ့်ကျသူများက ဟုတ်နိုးနိုး၊ မှန်နိုးနိုး တွေးထင်တတ်ကြသည်။ မယုံလျှင် ပုံပြင်ဟု မှတ်ထင်ရအံ့နိုး သတင်းများနှင့် အချက်အလက် များကို ရေးကြီးခွင်ကျယ်လုပ်ကာ တုံ့ပြန်သူများပြားလာသည်။

“ကပ်ဘေးကာလ ဆိုရှယ်မီဒီယာနှင့် အီး-ဒီမိုကရေစီ” ဆောင်းပါးတွင် ဒီမိုကရေစီ၊ ဒီမိုကရေစီနည်းလမ်းနှင့်အညီ ထူထောင်ထားရှိသော (ဒီမိုကရေစီဝါဒနှင့် ကိုက်ညီသော) အဖွဲ့အစည်းများ၊ ဒီမိုကရေစီလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းများ အရေးကြီးပုံကို စာရေးသူက ရှင်းလင်းတင်ပြထားလေသည်။

ဆောင်းပါးရှင်မှာ အန်နာရိုဆာရီယို မာလင်ဒေါ်ယီဆိုသူ သုတေသီ၊ ပညာရှင်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)နှင့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းအမျိုးမျိုးတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ မစ္စ အန်နာသည် ဖိလစ်ပိုင်နိုင်ငံရှိ အိုင်တီအခြေပြုကုမ္ပဏီတစ်ခုဖြစ်သော Techperformance Corp ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သူဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုး မဆိုက်ရောက်မီ ကာလကပင်လျှင် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာများ(အိုင်စီတီ) အရေးကြီးပုံကို ဖိလစ်ပိုင် ပြည်သူတို့ ဂရုဓမ္မပြုကြကြောင်း စာရေးသူက နိဒါန်းချီ ထားသည်။

အိုင်စီတီ၏နယ်ပယ်တွင် တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ ကွန်ရက်ချိတ်ထားသော ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ အင်တာနက်နှင့် အီးမေးလ်များ စသည်တို့ အကျုံးဝင်လျက်ရှိသည်။ Facebook, Instagram, Twitter, Linked in စသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ည်း အိုင်စီတီ၏နယ်ပယ်တွင် ရေကိုသားသော် အကြားမထင် ဟူဘိသို့ ပေါင်းစပ်ယှက်နွှယ်ပါဝင်နေသည်။

ဆိုရှယ်မီဒီယာပလက်ဖောင်းများကို စွမ်းပကား ထက်မြက်သော ဆက်သွယ်ရေးကိရိယာများအဖြစ် ပြည်သူ များ၏အလုပ်အကိုင်၊ လှုပ်ရှားဆောင်ရွက်ခြင်းများတွင် အသုံးချလျက်ရှိကြပုံကို ဆောင်းပါးရှင်က ဖော်ပြထားသည်။

လက်ကိုင်ထား

ပြည်သူအများအပြားနှင့်သက်ဆိုင်နေသော အရေးကိစ္စ များ၊ ပြည်သူ့ရေးရာ မူဝါဒကိစ္စရပ်များ စသည်တို့တွင် ပြည်သူ့ထောက်ခံမှုရရှိရန် ဆွယ်တရားဟောလိုသူများ ကလည်း အွန်လိုင်းမီဒီယာကို လက်ကိုင်ထားကြသည်ဆို၏။

ယနေ့ကာလတွင် ဆိုရှယ်မီဒီယာသည် ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ပြုရုံမျှ၊ မိသားစုဝင်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်သွယ်ရုံမျှသာမက ပြည်တွင်း၊ ပြည်ပ၌ နေထိုင်လျက်ရှိကြကုန်သော သူစိမ်းတစ်ရံဆံတို့နှင့်ပင် လူမှုဆက်ဆံရေးအရ ဆက်သွယ်သည်အထိ ကျယ်ပြန့်လာ နေပုံကို ဆောင်းပါးရှင်က ညွှန်းဆိုထား၏။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုက်ရောက်နေချိန်အတွင်း ပြည်သူ့ရေးရာ လှုပ်ရှားမှုများတွင် လည်းကောင်း၊ မိမိရပ်ရွာ အဖွဲ့အစည်း၏ လှုပ်ရှားမှုများတွင် လည်းကောင်း၊ ဒေသ အလိုက်၊ နိုင်ငံအလိုက် ဒီမိုကရေစီရေးရာ လှုပ်ရှားမှုများတွင် လည်းကောင်း ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံသားတို့က ဆိုရှယ်မီဒီယာ၊ ဒစ်ဂျစ်တယ်မီဒီယာနှင့် အွန်လိုင်း ပလက်ဖောင်းတို့အပေါ် နေရာယူထားကြလေသည်။

ကမ္ဘာ့ကပ်ဘေးဆိုက်ရောက်နေချိန်တွင် ပြည်သူ့ ကျန်းမာရေး အစီအမံများအရ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရချိန်၊ ပုဝါတစ်ကမ်း လက်တစ်လှမ်းနေကြရချိန်၊ ကျန်းမာရေးအရ ခြေချုပ်ချခံကြရချိန်တွင် ဆိုရှယ်မီဒီယာ၏ အရေးပါပုံကို အထူးတလည် စာဖွဲ့နေစရာ လိုအပ်လိမ့်မည် မဟုတ်ပေ။

ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ယနေ့ကာလတွင် သာမန်လူမှုရေးကိစ္စအလို့ငှာ အသုံးပြုခြင်းထက် ပြည်သူ့ရေးရာ(ဝါ) နိုင်ငံ့ရေးရာ၊ နိုင်ငံတော်၏ ယန္တရား၊ အာဏာစိုးပိုင်သူများနှင့် ထိတွေ့ဆက်ဆံနိုင်သော ကိရိယာ များအဖြစ် ပြည်သူများအတွင်း အရေးပါလာပုံကို ဆောင်းပါးရှင်က ဆက်လက်ဖော်ကျူးထားသည်။
ပြည်သူတို့သည် သူတို့၏လူနေမှုဘဝများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သော ပြည်တွင်း၊ ပြည်ပရေးရာ များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ၊ ငြင်းခုံမှုများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်အောင် နည်းပညာအရ ကူပံ့ပေးသည်မှာ ဆိုရှယ်မီဒီယာဖြစ်သည်။

“ကမ္ဘာရွာ”

သတင်းအချက်အလက်နည်းပညာ အံ့မခန်းတိုးတက် လာမှု၏ အသီးအပွင့်များအရ ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် “ကမ္ဘာရွာ” အဆင့်သို့ ရေကြောမြေကြော ရှုံ့သွားစေသည်မှာ လူမှုရေးမီဒီယာဖြစ်သည်။ လူမှုရေးမီဒီယာ၏ ပလက်ဖောင်း ပေါ်တက်၍ မိမိ၏ ရပ်ရွာအရေးကိစ္စမှသည် နိုင်ငံ့အရေးနှင့် နိုင်ငံတကာအရေးကိစ္စတို့အထိ ဆွေးနွေးငြင်းခုံခြင်း၊ မိမိ၏အမြင်ကို ထုတ်ဖော်တင်ပြခြင်း၊ သူတစ်ပါး၏အမြင် ကို ဝေဖန်ကန့်ကွက်ခြင်း၊ ဒေါမနဿပွားကာ နင်ပဲငဆ ပုတ်ခတ်ခြင်းတို့ကို ပြည်သူများအတွင်း တွင်တွင် ကျယ်ကျယ် ပြုလုပ်လာကြလေသည်။

စာသားဖြင့်၊ ရုပ်ပုံဖြင့်၊ အသံဖြင့် အပြန်အလှန်ဆက်သွယ် နိုင်အောင် အင်တာနက်နည်းပညာကအထောက်အကူပေး နေသည်။

သတင်းများ၊ အချက်အလက်များ၊ အတွေးအမြင်များ၊ စိတ်ဝင်စားရာများ စသည်တို့ကို အပြန်အလှန်ဖလှယ်မှု အတွက် အထောက်အကူပေးနေသော ဆိုရှယ်မီဒီယာသည် ကွန်ပျူတာက ကြားခံပေးသော အပြန်အလှန်ဆက်သွယ်မှု ကိရိယာပါပေတည်း။

မိုဘိုင်းအင်တာနက်သုံးစွဲမှု တိုးတက်လာသည်နှင့်အမျှ ဆိုရှယ်မီဒီယာသုံးစွဲမှု အချိုးညီညီ တိုးတက်လာသည်။
နည်းပညာ၏ ဖန်တီးချက်များအရ YouTube, Facebook, Twitter နှင့် Linked in စသည့် လူမှုကွန်ရက် ပလက်ဖောင်းများ ကျယ်ပြန့်လာသည်။

အွန်လိုင်းပလက်ဖောင်းပေါ် “ဘလော့ဂ်” ရေးသူ ရေးကြသည်။ ဒစ်ဂျစ်တယ် အသံဖိုင်များ တင်ကြသည်။ အင်တာနက် “ဖိုရမ်” (ဝါ) အွန်လိုင်းစကားဝိုင်း ဖွင့်ကြ သည်။ အွန်လိုင်းကြေညာချက် ထုတ်ကြသည်။

လက်တွဲညီညီ

ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ အရေးကြီးသော သတင်းအချက်အလက်များ ထုတ်လွှင့်နိုင်စေရန် ဆိုရှယ် မီဒီယာက အထောက်အကူပြုသည်။ အထူးအားဖြင့် ကပ်ဘေးကြီးကို တုံ့ပြန်ရာတွင် အစိုးရအဖွဲ့ကရော ပြည်သူများကပါ ဆိုရှယ်မီဒီယာကို အသုံးပြု၍ လက်တွဲ ညီညီ တုံ့ပြန်ကြသည်။

လူမှုရေးနှင့် စီးပွားရေး နောက်ခံအကြောင်းတရား အသီးသီးရှိကြသော ပြည်သူများအတွင်း၊ မတူကွဲပြား သော နေရာဒေသများအတွင်း ကပ်ရောဂါဆိုးကို တုံ့ပြန် ရာတွင် အများပြည်သူတို့ ဆွေးနွေးနိုင်သောနေရာ၊ အငြင်း အခုံပြုလုပ်နိုင်သောနေရာမှာ ဆိုရှယ်မီဒီယာပလက်ဖောင်း ဖြစ်သည်။ ကိုဗစ်-၁၉ နှင့် ဆက်နွှယ်နေသော ပြဿနာများ နှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်နိုင်စေရန် ဆိုရှယ် မီဒီယာပလက်ဖောင်းမှ အထောက်အကူပြုသည်။

လူမှုမီဒီယာသည် ဖိလစ်ပိုင်ပြည်သူတို့အတွင်း နယ်စည်းမထားဘဲ ပေါင်းကူးပေးနိုင်မည့် စည်းလုံး ညီညွတ်မှုနှင့် သွေးစည်းညီညွတ်မှုတို့ကို ပေးစွမ်းသည်။ လူ့အဖွဲ့အစည်းအတွင်းရှိ အထိအခိုက်အလွယ်ဆုံး လူများကို ဖေးမကူညီနိုင်စေရန် အထောက်အကူပေးသည်။

ကပ်ဘေးဆိုးကြီးကို ရတတ်သမျှ စွမ်းပကားဖြင့် ချေမှုန်းတိုက်ထုတ်နိုင်ရန် ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်း လျက်ရှိကြကုန်သော ကျန်းမာရေးလုပ်သားများအား ကျေးဇူးတင်စကားဆိုရာတွင် လည်းကောင်း၊ သူတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုရာတွင် လည်းကောင်း ဆိုရှယ်မီဒီယာက ကူပံ့ပေး၏။

အစိုးရတာဝန်ရှိသူများအား သိကြားစေလိုသော အချက်အလက်များ၊ ပြည်သူများအတွက် လုပ်ကိုင်ပေး စေလိုသော အချက်အလက်များနှင့်ပတ်သက်၍ လုပ်ဆောင်ရာတွင် ကြားခံအဖြစ် ပေါင်းကူးပေးသော မီဒီယာသစ်အဖြစ် ဆိုရှယ်မီဒီယာက နေရာယူလာသည်။ ယုတ်စွအဆုံး မိမိ၏ မကျေနပ်ချက်များနှင့် အစိုးရအား ဝေဖန်ချက်များကို ဖော်ပြနိုင်ရန်ပင် ဆိုရှယ်မီဒီယာက ကြားခံဆောင်ကြဉ်းပေးသည်။ တစ်ဖက်တွင် အစိုးရ၏ လုပ်ဆောင်ချက်များကို ချီးကျူးထောမနာပြုရာတွင် လည်း ဆိုရှယ်မီဒီယာကို အသုံးပြုလာကြလေသည်။

တာဝန်ယူမှု၊ တာဝန်ခံမှု

အရေးကြီးလှသည်မှာ ဆိုရှယ်မီဒီယာကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသုံးပြုရေးဖြစ်သည်။ ပြည်သူများ အတွက် အရေးကြီးလှသော သတင်းအချက်အလက်များ ဖြန့်ချိရာတွင် ဆိုရှယ်မီဒီယာကို တော်တည့်မှန်ကန်စွာ အသုံးချကြရန် ဆောင်းပါးရှင်က တိုက်တွန်းထားသည်။

ဒီမိုကရေစီခေတ်ကြီးထဲတွင် ပြည်သူ့ကိုယ်စားလှယ် ကြီးများအနေဖြင့် ပြည်သူများနှင့် တွေ့ထိဆက်ဆံရာတွင် ဆိုရှယ်မီဒီယာကို အသုံးချနိုင်သည်။ နိုင်ငံရေးသမား များသည် ပြည်သူတို့အားစည်းရုံးနိုင်ရန် လိုအပ်သော် လည်း ကပ်ရောဂါဆိုးကြီး ဆိုက်ရောက်နေသဖြင့် ပြည်သူများအတွင်း ထဲထဲဝင်ဝင် စည်းရုံးရန်မှာ မဖြစ်နိုင်သဖြင့် ဆိုရှယ်မီဒီယာကို အသုံးချကာ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်ပေသည်။

သို့ရာတွင် ဆိုရှယ်မီဒီယာအသုံးပြုခြင်းနှင့် ပတ်သက်၍ စိန်ခေါ်မှုများကြီးမားစွာ ရှိနေသည်။ တစ်မုဟုတ်ချင်း ကူးလူးဆက်သွယ်နိုင်သော ကြားခံမီဒီယာဖြစ်ခြင်းကြောင့် ကျင့်ဝတ်များနှင့်အညီ မီဒီယာအသစ်ကို အသုံး ပြုကြရပေမည်။ အလွဲသုံးခြင်း၊ ကလိန်စေ့ငြမ်းဆင်ခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်း၊ ကုန်းချော ကုန်းတိုက် ခြင်း၊ မမှန်မကန် အပြစ်ဖို့ခြင်း၊ မျက်ကန်းမျိုးချစ်ဝါဒ ဖြန့်ခြင်း၊ မိစ္ဆာဝါဒ သွတ်သွင်းခြင်း၊ အစွန်းရောက်ဝါဒ ဖြန့်ခြင်း၊ လူမျိုးကြီးဝါဒဖြန့်ခြင်း၊ လူမျိုးခွဲခြားရေး ဝါဒ သွတ်သွင်းခြင်း စသည်တို့မှာ အလွန့်အလွန်ပင် ကြောက်စရာကောင်းလှသည့် လုပ်ဆောင်ချက်များ ဖြစ်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ယင်းလုပ်ဆောင်ချက် များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပါက လူထုအတွင်း၊ နိုင်ငံအတွင်း မလိုလားအပ်သော ဆိုးကျိုး သက်ရောက်မှုကြီးများ ချက်ချင်းလက်ငင်း ကျရောက်လာ နိုင်ပုံကို ဆောင်းပါးရှင်က သတိပေးထားသည်။

သတိကျပ်ကျပ်ထား

အရေးကြီးလှသည်မှာ ဆိုရှယ်မီဒီယာကိုအသုံးပြု၍ နိုင်ငံအတွင်း ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ဖြိုခွင်းသောလုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် အားလုံးက သတိကျပ်ကျပ်ထားကာ နိုးနိုးကြားကြားဖြင့် လေ့လာစောင့်ကြည့်အပ်ပေသည်။

မတူကွဲပြားသော၊ နောက်ခံအကြောင်းတရား မျိုးစုံ ရှိသူများပါဝင်နေသည့် ပြည်သူများအတွင်း သတင်းအတု အယောင်များနှင့် အမုန်းစကားများ ဖြန့်ချိခြင်းသည် တစ်လောကလုံးအတွက် “ဓမ္မန္တရာယ်” အဖြစ် ကောင်းကောင်းကြီးဒုက္ခပေးနိုင်ပုံကို ဆောင်းပါးရှင်က သတိပေးထားသည်။

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲ မိစ္ဆာဝါဒီများ၏ သတင်း အလွဲအမှား ဖြန့်ချိမှုများ၊ သတင်းအတုအယောင် ဖြန့်ချိမှု များ၊ မုသားဝါဒများ ဆိုရှယ်မီဒီယာ ရေစီးကြောင်းအတွင်း မျောပါနေခြင်းမှ ဆယ်ထုတ်ကြရန် ပြည်သူတို့ တာဝန်ရှိ ပေလိမ့်မည်။

ဒီမိုကရေစီခေတ်ကြီးထဲတွင် သတင်းအချက်အလက် နည်းပညာအသီးအပွင့် များကို ဒီမိုကရေစီကျင့်စဉ်များနှင့်အညီသာ ဆွတ်ခူး စားသုံးအပ်ပေသည်။

ဒီမိုကရေစီခေတ်ကြီးထဲ ဒီမိုကရေစီကျင့်စဉ်များနှင့် လုပ်ငန်းစဉ်များကို ဖော်ဆောင်ကြရာတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေခြင်းကြောင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရလျက် ဆောင်ရွက်နေကြရပေရာ ပြည်သူများအတွင်း တိုက်ရိုက်တွေ့ထိဆက်ဆံနိုင်ခွင့် ဆုံးရှုံးနေရသော်လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ(အိုင်စီတီ) အသုံးပြု၍ ဒီမိုကရေစီလမ်းကြောင်းအတိုင်း ပြည်သူများချီတက်နိုင် ကြစေရန် ဆိုရှယ်မီဒီယာက ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်ရသော ဒီမိုကရေစီကွက်လပ်ကို ဖြည့်ဆည်းရာတွင် ဆိုရှယ် မီဒီယာအား တော်တည့်မှန်ကန်စွာအသုံးချရန် လိုအပ်ပုံ ကို ကျွန်ုပ်အလေးမူမိရင်း “အီး-ဒီမိုကရေစီ ရှေ့သို့ချီ ” ဟု ကျူးရင့်မိပါသတည်း။ ။

SOURCE: Social Media And E-Democracy In A Pandemic -- By Anna Malindog-Uy