ကိုင်ရို   ၂၆  နိုဝင်ဘာ

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတောင်ဘက် ၃၀ ကီလိုမီတာ အကွာရှိ ဆက်ကွာရာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၇၀ဝ ခန့်ကဟု ယူဆရသည့် တိရစ္ဆာန် မံမီရုပ်ကြွင်းများနှင့် ရုပ်တုများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ခါလက်အယ်လ် အနာနီက ယမန်နေ့တွင် ဖော်ပြ ခဲ့သည်။

ယခုတွေ့ရှိရသည့် တိရစ္ဆာန်မံမီရုပ်ကြွင်းများတွင် ခြင်္သေ့၊ ကြောင်၊ မိကျောင်းနှင့် မြွေပါ စသည့်တိရစ္ဆာန်များဖြစ်ပြီး သဏ္ဌာန်ဖော်စာလုံးများဖြင့် တန်ဆာဆင်ထားသည့် သစ်သားသေတ္တာအတွင်း ထည့်ကာ မြေအောက်တွင် မြှုပ်နှံထားခဲ့ကြောင်း သိရသည်။

ထို့ပြင်ရှေးဟောင်း အီဂျစ်ကြောင်နတ်သမီး Bastet ၏ ရုပ်တု ၇၅ ခု၊ သစ်သားဖြင့် ပြုလုပ်ထားသည့် Neith နတ်သမီးရုပ်တု တစ်ခု၊ Osiris နတ်ဘုရား ကြေးသွန်းရုပ်တု ၅၇ ခုနှင့် အခြားအသုံးအဆောင်ပစ္စည်းကိုလည်း တွေ့ရှိ ခဲ့ကြောင်း အီဂျစ်ရှေးဟောင်းသမိုင်းဝင်ကောင်စီ အကြီးအကဲ မိုစတာဖာ ဝါဇီရီက ပြောကြားခဲ့သည်။

ဆက်ကွာရာဒေသသည် ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှု အမွေအနှစ်များ ကြွင်းကျန်ရစ်ရာ ဗဟိုနေရာဖြစ်ပြီး ဖာရိုဘုရင်များနှင့် ပိရမစ်များနှင့် မင်းညီမင်းသားများ၏ ဂူသင်္ချိုင်းများကို တွေ့ရှိရာနေရာဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ