၉ ဇန်နဝါရီ
အီရန်နိုင်ငံ တီဟီရန်နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာပျံသန်းပြီး မကြာခင်မှာ ပျက်ကျသွားခဲ့တဲ့ ယူကရိန်း နိုင်ငံတကာလေကြောင်းလိုင်း (UIA) ပိုင် ဘိုးရင်း ၇၃၇ လေယာဉ်ရဲ့ black box နှစ်လုံးကို ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံကို မပေးဘူးလို့ အီရန်က ငြင်းဆိုလိုက်ပါတယ်။
မနေ့က မနက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ black box နှစ်လုံးကို ဒီကနေ့ မနက်အစောပိုင်းက တွေ့ရှိခဲ့ကြောင်း အီရန်လေကြောင်းတာဝန်ရှိသူက ပြောကြားချက်ကို ကိုးကားပြီး အီရန်သတင်းဌာန ISBA က ကြေညာသွားပါတယ်။
နိုင်ငံတကာလေကြောင်း စည်းမျဉ်းအရ လေယာဉ်ပျက်ကျတဲ့ နိုင်ငံက ဦးဆောင်ပြီး ပျက်ကျတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနိုင်ပါတယ်။ တဆက်စပ်တည်း လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ နိုင်ငံတချို့ရဲ့ ပညာရှင်တွေကလည်း black box စစ်ဆေးရာတွင် ပါဝင်လေ့ ရှိပါတယ်။ black box ကို စစ်ဆေးနိုင်ငံ နိုင်ငံတွေကတော့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေ သာဖြစ်ပါတယ်။
အီရန်လေကြောင်းအဖွဲ့တာဝန်ရှိသူ အလီ အက်ဘက်ဇာဒါက black box တွေကို လေယာဉ်ထုတ်လုပ်သူနဲ့ အမေရိကန်တွေဆီကို မပေးဘူး။ အီရန်လေကြောင်းလိုင်းက စုံစမ်းစစ်ဆေးမယ် ယူကရိန်းနိုင်ငံကတော့ စုံစမ်းစစ်ဆေးရေးမှာ ပါဝင်နိုင်တယ်လို့ ပြောကြားပါတယ်။ black boxတွေဖြစ်တဲ့ လေယာဉ်အသံဖမ်းစက်နဲ့ လေယာဉ်မှတ်တမ်းတင်စက်တို့ကို ဘယ်နိုင်ငံတွေက စစ်ဆေးမယ်ဆိုတာ ရှင်းရှင်းလင်းပြောကြားသွားခြင်းမရှိတာကို တွေ့ရပါတယ်။
ကနေဒါဝန်ကြီးချုပ် က နည်းပညာပိုင်း ထောက်ပံ့နိုင်သလို ကနေဒါအနေနဲ့ စုံစမ်းစစ်ဆေးရေးမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လိုကြောင်း ပြောကြားသလို ဘိုးရင်းလေယာဉ်ကုမ္ပဏီကလည်း လိုအပ်တာကို လုပ်ဆောင်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ပျက်ကျသွားတဲ့ လေယာဉ် PS752 ဟာ တီဟီရန်ကနေ ကီယက်ဖ်ကို ပျံသန်းခဲ့တာဖြစ်ပြီး ၁၇၆ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ပေါ်မှာ အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ ယူကရိန်းနိုင်ငံသား လေယာဉ်ဝန်ထမ်း အပါအဝင် ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန် ၄ ဦး ၊ ဗြိတိန် ၃ ဦး နဲ့ ဂျာမနီ ၃ ဦးတို့ လိုက်ပါခဲ့ကြပါတယ်။
လေယာဉ်ဟာ အီရန်နဲ့ အမေရိကန်ကြားက တင်းမာမှု အရှိန်မြှင့်ဆုံးရောက်ရှိနေချိန် တနည်းအားဖြင့် အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည် ၂၂ လုံးနဲ့ ပစ်ခတ်ပြီး နာရီပိုင်းအတွင်းမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်စဉ်နှစ်ခုဟာ ဆက်စပ်မှု မရှိဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
MDN
ကိုးကား - AFP


