၂ ဇန်နဝါရီ

အီရတ်နိုင်ငံတွင် နှစ်ရက်ကြာအကြမ်းဖက်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြပြီးနောက် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး၌ ဆန္ဒပြသူများသည် ယမန်နေ့က ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

 

a2

 

အီရန်နိုင်ငံကျောထောက်နောက်ခံပြုထားသည့် စစ်သွေးကြွအုပ်စုအပေါ် အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုကို ၎င်းတို့ အမျက်ထွက်ခဲ့ကြသည်။

 

a3

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအရ တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့သည်။ပစ်မှတ်များမှာ Kataib Hezbollah စစ်သွေးကြွအုပ်စုနှင့်ချိတ်ဆက်ထားသည့် အီရတ်နှင့်ဆီးရီးယားရှိ နေရာများ ဖြစ်ကြသည်။အီရတ်မြောက်ပိုင်း အခြေစိုက်စခန်းတစ်ခုတွင် အမေရိကန်အရပ်သား တစ်ဦးကို သတ်ဖြတ်ခဲ့သဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်က ဆိုသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဆန္ဒပြသမားများသည် သံရုံးခြံဝင်းထဲသို့ ဝင်ရောက်ပြီး ပြတင်းပေါက်များကို ရိုက်ချိုးခဲ့ကြသည်။အရေးပေါ်အခြေအနေကို ဖြေရှင်းရန် အမေရိကန်စစ်သားများကို ထိုသံရုံးသို့ စေလွှတ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရတ်နိုင်ငံ၏ ကြားဖြတ် ဝန်ကြီးချုပ်ထံ ဖုန်းဆက်ပြီး ၎င်းသံရုံးကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။ 

သို့သော်လည်း အီရတ်အစိုးရအနေဖြင့် သင့်တော်သောအစီအမံများပြုလုပ်ရန် ပျက်ကွက်ခဲ့သည်။

ရှီအာပြည်သူ့စစ်အဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဆန္ဒပြသမားများ ပြန်လည်ရုပ်သိမ်းရန် မေတ္တာရပ်ခံခဲ့ပြီးနောက် ဆန္ဒပြပွဲများကို ယမန်နေ့က ထိန်းချုပ်ဟန့်တားခဲ့ကြသည်။

ထိုဆန္ဒပြပွဲများကို အီရန်နိုင်ငံက စီစဉ်သည်ဟု ထရန့်က စွပ်စွဲပြောဆိုကာ တွစ်တာပေါ်တွင် ရေးသားခဲ့သည်။အီရန်နိုင်ငံအနေဖြင့် အပြည့်အဝတာဝန်ယူရမည်ဟု ရေးသားထားသည်။

အီရန်ထိပ်တန်းခေါင်းဆောင် အရာတိုလာ အာလီခါမေနီက အီရန်ပါဝင်ပတ်သက်မှုကို ယမန်နေ့က ငြင်းဆိုကာ အီရန်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မဆို ရင်ဆိုင်ရန်ဆုံးဖြတ်ချက်ချလျှင် မဆိုင်းမတွလုပ်ဆောင်မည်ဟု ပြောဆိုခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို