၁၂ မတ်

အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် ဗြိတိန်ဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့သည်ဟု  အမေရိကန်မီဒီယာများက ဆိုသည်။

 

မြို့တော် ဘဂ္ဂဒက် မြောက်ပိုင်း တာဂျီစစ်အခြေစိုက်စခန်းကို ယမန်နေ့က ဒုံးကျည် ၁၈ စင်း ထိမှန်ခဲ့ကြောင်း အမေရိကန်ဦးဆောင်သောညွန့်ပေါင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ညွန့်ပေါင်းအဖွဲ့ဝင် သုံးဦး သေဆုံးပြီး လူ ၁၀ ဦးအထက် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အီရတ်နိုင်ငံမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းကို ဒုံးကျည်တစ်စင်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာ အမေရိကန် အရပ်သားတစ်ဦး သေဆုံးခဲ့သောကြောင့် အီရန်က ထောက်ပံ့ပေးထားသည့် လက်နက်ကိုင်အုပ်စုများကို  တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကို  လှုံ့ဆော်ခဲ့သည်။

 

အဆိုပါလှုပ်ရှားမှုကြောင့် အီရန်ထိပ်တန်းတပ်မှူး ကာဆမ်းဆိုလန်းမန်းနီသည် အမေရိကန်တပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။ လက်တုံ့ပြန်တိုက်ခိုက်မှုဖြင့် အီရန်တို့ကတုံ့ပြန်ခဲ့သည်။

 

လတ်တလော ဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ မြင့်မားလာနိုင်ဖွယ်ရှိသဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို