အီသီယိုးပီးယားနိုင်ငံအရှေ့ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ထောင်စုပေါင်း ၁၂၀၀၀ ဘေးလွတ်ရာသို့ပြောင်းရွှေ့ရ

နိုဝင်ဘာ ၁၄

အီသီယိုးပီးယားနိုင်ငံအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ထောင်စုပေါင်း ၁၂၀၀၀ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့် လူပေါင်းသောင်းနှင့်ချီ ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်အထိ  လူ ၂၀ သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။

နိုင်ငံအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်း၊ တံတားပေါင်းများစွာ ပျက်စီးသွားကာ ကယ်ဆယ်ရေးပစ္စည်းများပေးပို့ရာတွင် အဟန့်အတားဖြစ်ခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်များနှင့် သီးနှံများပျက်စီး ဆုံးရှုံးခဲ့သည်။

လွန်ခဲ့သောစက်တင်ဘာလက အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၄၀၀၀၀ ရေဘေးသင့်ခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရာသီဉတုအခြေအနေပိုမိုဆိုးဝါးနိုင်ပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်မည်ဟု ထိုအေဂျင်စီက ခန့်မှန်းပြောဆိုထားသည်။

အီသီယိုးပီးယားနိုင်ငံနှင့် အိမ်နီးချင်း ကင်ညာနှင့် ဆိုမာလီယာနိုင်ငံတို့တွင် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကြားကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားပြီး လူပေါင်းသန်းနှင့်ချီ ရေဘေးသင့်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို