အိမ်မဲ ၂၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန် ခန်းမ၌မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က တီဘီရောဂါအကြောင်းနှင့် တီဘီရောဂါ တိုက်ဖျတ်ရေးလုပ်ငန်းများကို power point ဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဆရာဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တီဘီရောဂါရှိသူ လူနာနှင့်အတူနေ မိသားစု ၂၀ဝ ကျော်အား ဆီးချိုသွေးချိုစစ်ပေးခြင်း ဓာတ်မှန်ရိုက်ပေးခြင်း သလိပ်စစ်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
"တီဘီရောဂါဆိုတာ ကူးစက်ရောဂါတစ်ခုပါ။ တီဘီရောဂါဟာ သေချာမကုသခဲ့ရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ တီဘီရောဂါဟာ များသောအားဖြင့် အဆုတ်တွင် ဖြစ်ပွားပြီး အခြားကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တီဘီပိုးဟာ လူတစ်ဦးမှတစ်ဦးသို့ လေထဲမှတစ်ဆင့် ကူးစက်ပါတယ်။ တီဘီရောဂါဖြစ်နေတဲ့ သူတစ်ဦး ချောင်းဆိုးလျှင်၊ ရယ်လျှင်၊ သီချင်းဆိုလျှင်(သို့) နှာချေလျှင် တီဘီပိုး လေထဲသို့ပျံနှံသွားပြီး အခြားသူတွေကို ကူးစက်နိုင်ပါတယ်" ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


