ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)

 

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ဝင်ရောက်ခဲ့တာ ခြောက်လရှိခဲ့ပြီ။ မြန်မာနိုင်ငံကို ရောက်တဲ့ ကာလသုံးလအတွင်းမှာ “စတေးဟုမ်း” ကာလတွေကို စိတ်ရှည်လက်ရှည် ဖြတ်သန်းခဲ့ကြပြီ။ တစ်ကမ္ဘာလုံးမှာ ဆူညံနေတဲ့ ကိုဗစ် အသံတွေ၊ ဆူပူအုံကြွမှုတွေနဲ့ ဟိုဘက်ကိုနားစွင့် ကြည့်လိုက်၊ ဒီဘက်ကို စောင်းငဲ့ကြည့်လိုက်နဲ့ပဲ မိမိကိုယ်တိုင်လည်း အသက်ရှင်ကျန်ရစ်ခဲ့ဖို့အရေး ခံစစ်တွေ၊ တိုက်စစ်တွေနဲ့ ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးပြီ။ ။

 

အနည်းဆုံးရက်ပေါင်း ၂၈ ရက်ဆက်တိုက် ပိုးတွေ့လူနာ လုံးဝမတွေ့ရပါမှ ဒီနိုင်ငံမှာ ရောဂါပိုးကင်းစင်ပြီလို့ ကြေညာနိုင်မယ်။ အဲဒီအချိန်မှသာ ကျန်းမာရေးအတွက် ခြေချုပ်ကာလတွေ၊ စတေးဟုမ်း ကာလတွေကို ဖြေလျှော့ နိုင်ကြမယ်ဆိုတော့လည်း ညတိုင်း၊ မနက်တိုင်း နေ့များ ရက်ဆက် ပိုးမတွေ့ပါစေနဲ့လို့သာ ဆုတောင်းနေကြ ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးချိန်ဖြစ်တဲ့ ဗိုင်းရပ်စ် စတင်ထိတွေ့သည်မှ ရောဂါလက္ခဏာပြတဲ့ အချိန်ကြား ကာလက ပျမ်းမျှအားဖြင့် ခြောက်ရက်ကနေ ၁၄ ရက် အထိ ကြာမြင့်ပါတယ်။ အဲဒီကာလက ရောဂါပြန့်ပွားဖို့ အလားအလာရှိတဲ့ ကာလဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ရောဂါပိုး စွန့်ထုတ်ကာလ ရောဂါလက္ခဏာမပြမီ နှစ်ရက်မှစပြီး လက္ခဏာပြပြီး ၂၈ ရက်အထိ အဲဒီကာလအတွင်းမှာ အခြားသောသူတွေကို ကူးစက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း ရောဂါပိုးတွေ့တဲ့သူတိုင်းကို ၂၁ ရက် ကွာရန်တင်းထားပြီး ရောဂါပိုးမရှိတော့ဘူးဆိုမှ အိမ်မှာ ခုနစ်ရက် စုစုပေါင်း ၂၈ ရက် ကွာရန်တင်း ဝင်ကြရပါတယ်။

 

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြ

 

ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်တဲ့ နေရာမှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါဘူး။ ဒါပေမဲ့ ရောဂါပိုးကူးစက်ပျံ့နှံ့ပုံ ကွင်းကြီးခြောက်ကွင်းနဲ့ ဆက်စပ်သုံးသပ်ကုသပုံတွေကတော့ တူညီကြပါ တယ်။ အဲဒီကွင်းကြီး ခြောက်ကွင်းမှာ ပထမကွင်းက ရောဂါဖြစ်ပွားစေတဲ့အကောင် ‘ရောဂါပိုး’ ဖြစ်ပါတယ်။ ဒုတိယကွင်းက ‘လက်ခံကောင်’ ဆိုတဲ့ ရောဂါပိုးရှိသူ။ ရောဂါပိုးသယ်ဆောင်သူ ဖြစ်ပါတယ်။ တတိယကွင်းကတော့ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အရည်၊ အမှုန်အမွှားတွေ ဖြစ်ပါတယ်။ ချောင်းဆိုးရာမှ၊ နှာချေရာမှ တစ်ဆင့် လက်ခံကောင်ထံမှ ထွက်တဲ့လမ်းကြောင်း ဖြစ်ပါတယ်။ စတုတ္ထကွင်းကတော့ ရောဂါပိုးပျံ့နှံ့ခြင်း ဖြစ်ပါတယ်။ ရောဂါပိုးရှိသူမှ ချောင်းဆိုးခြင်း၊ နှာချေခြင်းကြောင့် ထွက်လာတဲ့ အမှုန်အမွှားတွေကတစ်ဆင့် ပျံ့နှံ့ ခြင်းဖြစ်ပါတယ်။ ပဉ္စမကွင်းကတော့ ရောဂါဝင်ပုံဝင်နည်းပါ။ ဘယ်လိုနည်းနဲ့ ကူးစက်သလဲ။ ရှူရှိုက်ရာမှ လည်းကောင်း၊ လက်မှတစ်ဆင့် ထိတွေ့ရာမှလည်းကောင်း ဝင်ရောက်ခြင်းဖြစ်ပါတယ်။ ဆဋ္ဌမကွင်းကတော့ ဖြစ်နိုင်ခြေရှိတဲ့ အုပ်စုတွေဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေ ရောဂါဖြစ်နိုင်ပါသလဲ။ ဥပမာ ကိုယ်ခံအားကျဆင်းတဲ့ သူတွေ၊ မူလကဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်စတဲ့ ရောဂါရှိသူတွေ၊ အသက်ကြီးသူတွေ၊ ပိုးရှိလူနာတွေနဲ့ ထိတွေ့ ဆက်စပ်သူတွေပဲ ဖြစ်ပါတယ်။ ။

 

အဲဒီကွင်းကြီး ခြောက်ကွင်းထဲက အရေးကြီးတဲ့ ကွင်းသုံးကွင်းဖြစ်တဲ့ ဒုတိယ၊ စတုတ္ထနဲ့ ဆဋ္ဌမ ကွင်းတွေ ကို ကောင်းစွာထိန်းနိုင်ပြီဆိုရင် စိတ်ချရပြီဖြစ်ပါတယ်။ ဒုတိယကွင်းဖြစ်တဲ့ ပိုးရှိသူ၊ ပိုးသယ်ဆောင်ထားသူ ‘လက်ခံကောင်’ ကွင်းကို ဖြတ်တဲ့နည်းက ပိုးတွေ့လူနာကို ရှာဖွေခြင်း၊ ဆေးရုံပို့ခြင်း၊ ကုသပေးခြင်းတို့ဖြစ်ပါတယ်။

 

စတုတ္ထကွင်းကို ဖြတ်ဖို့အတွက် ပိုးရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ၊ နှာစေး၊ ချောင်းဆိုးရာက ထွက်တဲ့ နှပ်ရည်တွေ၊ နှာရည်တွေ၊ ရောဂါပိုးရှိသူရဲ့ လက်နဲ့ထိတွေ့မိရာကထပ်ဆင့် ကူးစက်ပျံ့နှံ့တာတွေကို တားဆီးရမှာဖြစ်ပါတယ်။ ဒါကြောင့် မကြာခဏ လက်ဆေးခြင်း၊ နှာခေါင်းစည်းဝတ်ခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်းတွေကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ။

 

အရေးကြီးတဲ့ နောက်ဆုံးကွင်းကတော့ ဆဋ္ဌမကွင်းပါ။ အဲဒီကွင်းကို ဖြတ်တောက်ဖို့ဆိုရင် ကိုယ်ခံအားနည်းသူတွေ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူတွေ၊ အသက် ကြီးတဲ့သူတွေ၊ ပိုးရှိလူနာရဲ့ အိမ်သားတွေ၊ ထိတွေ့ ဆက်စပ်မှုရှိသူတွေကို ‘စတေးဟုမ်း’ နေခိုင်းခြင်းအားဖြင့် ရောဂါပိုးပျံ့နှံ့မှုကို တားဆီးဖြတ်တောက်ရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ အဲဒီကွင်းတွေကို စနစ်တကျ ဖြတ်တောက်နိုင်ခဲ့လို့ ယနေ့ကမ္ဘာမှာ ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ နိုင်ငံပေါင်း ၂၁၅ နိုင်ငံရှိတဲ့အနက်မှာ ဖြစ်ပွားမှု အနည်း၊ အများ စာရင်းဇယားရဲ့ အောက်ဆုံးနေရာလောက်မှာ ရှိနေခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိပြီး အဆိုးရွားဆုံးနိုင်ငံ အစဉ် လိုက်ကြည့်တဲ့အခါ လက်ရှိအချိန်မှာ (၁) အမေရိကန်၊ (၂) ဘရာဇီး၊ (၃) ရုရှား၊ (၄) အိန္ဒိယ၊ (၅) ဗြိတိန်နဲ့ ပြီးရင် စပိန်၊ ပီရူး၊ ချီလီ၊ အီတလီ၊ အီရန်၊ ဂျာမနီ၊ တာကီ၊ ပါကစ္စတန်၊ မက္ကဆီကို၊ ပြင်သစ်၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ တောင်အာဖရိက စသဖြင့်ရှိနေပြီး မြန်မာနိုင်ငံကတော့ အမှတ်စဉ် (၁၅၉) မှာ ရှိနေပါတယ်။ ။

 

အဲဒီလို ဇယားရဲ့ အောက်ဆုံးမှာနေရာယူနေရတာက စတေးဟုမ်းကာလရဲ့ အကျိုးကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမလှိုင်း လူနာစတွေ့တယ်ဆိုကတည်းက နိုင်ငံတော်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အစီအမံတွေကောင်းခဲ့တယ်။ လက်ဆေးဖို့၊ နှာခေါင်းစည်းဝတ်ဖို့၊ အိမ်ထဲမှာနေဖို့၊ လူစုလူဝေးမလုပ်ဖို့ စသဖြင့် ပြည်တွင်းကူးစက်မှုမရှိအောင် ထိန်းထားနိုင်ခဲ့တယ်။ ဒုတိယလှိုင်းကတော့ ပြည်တော်ပြန်တွေ့ပြန်လာတယ်။ ပိုးတွေ့ လူနာတွေ ပါလာတယ်။ သူတို့ကို ကွာရန်တင်းထားပြီး ထိန်းချုပ်တယ်။ နိုင်ငံတော်အနေနဲ့ ပြည်ပပြန်တွေ၊ လွှဲပြောင်းလုပ်သားတွေကို စနစ်တကျ လက်ခံစစ်ဆေးပြီး ထိန်းချုပ်နေတယ်။

 

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ အန္တရာယ်ကိုလည်း ဝိုင်းဝန်းကာကွယ် တားဆီးနေကြ ပါတယ်။ အဲဒီလို တိတ်တဆိတ် ခိုးဝင်လာသူတွေက ကွာရန်တင်းမဝင်ကြတော့ အန္တရာယ် ကြီးလှပါတယ်။ ခိုးဝင်သူတွေကို လက်သင့်ခံ၊ ဖုံးကွယ်မထားကြဖို့ နိုင်ငံတော်က အထူးဂရုပြု ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဒုတိယလှိုင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က ဒုတိယလှိုင်းဟာ ပိုခက်ခဲနိုင်မယ်၊ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် အသင့်ပြင်ဆင်ထားဖို့ နှိုးဆော်တာဖြစ်ပါတယ်။

 

အိမ်မှာနေကြတာက ပိုပြီးလုံခြုံစေ

 

ဒီကာလမှာ စက်ရုံ၊ အလုပ်ရုံတွေဖွင့်တယ်။ ဈေးတွေ၊ ရှော့ပင်းမောတွေ၊ ရုံးတွေဖွင့်တယ်ဆိုတော့ တတိယလှိုင်းအတွက် စိုးရိမ်လာရပါတော့မယ်။ ခိုးဝင်လာကြသူတွေက ကွာရန်တင်း မဝင်ကြဘဲမြို့ထဲ၊ ရွာထဲ လျှောက်သွားကြမယ်။ သူတို့မှာ ရောဂါပါလာခဲ့ရင် ရောဂါဖြန့်ပြီးသားဖြစ်မယ်။ အဲဒီအခါ ကူးစက်ပျံ့နှံ့သူတွေကို လိုက်ရှာဖို့က “ငှက်ခြေရာ လေမှာ ရှာရသလို” ခက်ရပါတော့မယ်။ ကွင်းခြောက်ကွင်းထဲက ဆဋ္ဌမကွင်းကို ဖြတ်ရမယ်ဆိုတဲ့ကဏ္ဍနဲ့ သက်ဆိုင်သွားပါပြီ။ ဒါကြောင့် စတေးဟုမ်းနေတာက စိတ်ချရတယ်။ အိမ်မှာနေကြတာက ပိုပြီးလုံခြုံစေပါတယ်။

 

ဒါပေမဲ့ စတေးဟုမ်းကာလက သုံးလအထိ ကြာလာတော့ ပြည်သူတွေဘက်က သံပတ်လျော့လာပြီ။ စိတ်မရှည် သလိုလိုဖြစ်လာပြီ။ နည်းနည်းထုံလာကြပြီ။ တစ်ပတ်ကနေ တစ်လ၊ တစ်လကနေ နှစ်လဆိုတော့ အသံနည်းနည်း ထွက်လာပြီး နှစ်လကနေ သုံးလဆိုတော့ စိတ်က ထိန်းမရတော့ဘူး။ အပြင်ထွက်ကို ထွက်မှဖြစ်တော့မယ်ပေါ့။ အကြောင်းရှိသူကလည်း အလုပ်အကြောင်းပြုပြီး ထွက်ချင်တယ်။ အကြောင်းမရှိတဲ့သူကလည်း အကြောင်းမရှိ အကြောင်းရှာ ထွက်တယ်၊ စိတ်က ထွက်ပေါက်ပိတ်နေတာ မခံနိုင်တော့ဘူး။ ။

 

သတိပြုလိုက်နာကြရ

 

အရင်က တစ်နေရာရာခိုင်းရင် ဆင်ခြေအမျိုးမျိုးနဲ့ ဖင်လှည့်ခေါင်းလှည့် နေခဲ့သူတွေက အခုအချိန်မှာတော့ သိပ်ကို ဖင်ပေါ့လှတယ်။ လှစ်ခနဲဆို အပြင်ကိုရောက်သွားပြီ၊ လှစ်ခနဲဆို ဈေးရောက်သွားပြီ။ စားဝတ်နေရေးမှာ စားရေးက အဓိက၊ စားမှ အသက်ရှင်မယ်၊ စားဖို့ ဟင်းချက်စရာတွေ ဝယ်ရမယ်၊ ဝယ်ဖို့ ငွေလိုတယ်၊ ဒီတော့ အလုပ်ထွက်လုပ်မှ ရမယ်၊ အပြင်ထွက်တာက ဟုတ်ပြီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စည်းကမ်းတွေကို တိတိကျကျ လိုက်နာရဲ့လား၊ နှာခေါင်းစည်းကို စနစ်တကျ ဝတ်ရဲ့လား၊ လိုအပ်ရင် လက်အိတ်စွတ်၊ မျက်မှန်တပ်၊ အိမ်ပြန်ရောက်တာနဲ့ ဆံပင်ကအစ ဖိနပ်အဆုံး သေသေချာချာ ဆေးကြော သန့်စင်ရဲ့လားစသဖြင့် သတိပြုလိုက်နာ ကြရပါမယ်။

 

နိုင်ငံတော်အနေနဲ့ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ဖို့ လိုအပ်ချက်အရ မူလကထုတ်ပြန်ထားခဲ့တဲ့ ညွှန်ကြားချက်နေ့စွဲမှသည် ရက်ထပ်မံ တိုးမြှင့်ရတယ်ဆိုတဲ့နေရာမှာ ဒါတွေကို အများကြီး ကြိုတင်မြော်မြင်ပြီး ဖြစ်နိုင်ခြေတွေ၊ ကာကွယ်တားဆီးရေးတွေ စသဖြင့် ထောက်ထားတွက်ချက်ပြီးမှ ကြေညာရပါတယ်။ ဗိုင်းရပ်စ်အပေါ်မှာလူတိုင်းအတွက် စိတ်ချရပြီဆိုတဲ့ အချိန်ကို စောင့်ရပါတယ်။

 

ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ဟာ ဗိုင်းရပ်စ်အသစ်ကို ခံနိုင်ရည်ရှိတဲ့ ကိုယ်ခံအားစနစ် ပြည့်ဝလာချိန်မှာ နောက်ထပ် ဗိုင်းရပ်စ်ပြန်ပေါ်လာတာကို တားဆီးနိုင်တဲ့ အချိန်ရောက်မှ စိတ်ချရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဆိုတကလည်း ရောဂါရှိတဲ့သူတွေ ပြန်လည်ကောင်းမွန်သွားချိန်နဲ့ ကာကွယ်ဆေးတွေ ထိုးပေးနိုင်ပြီဆိုတဲ့ အချိန်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ရောဂါလှိုင်းတွေက မတူညီကြတော့ သတ်မှတ်ချက်တွေ၊ ပေါ်လစီတွေကလည်း မတူညီနိုင်ပါဘူး။ ကူးစက်ရောဂါအသွင် ပျံ့နှံ့နှုန်း မြန်ရင်မြန်သလို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြရပါတယ်။

 

ရောဂါပိုးအသစ်ကို တိုက်တဲ့စစ်ပွဲမှာ လွန်ဆွဲနေတဲ့ ကြိုးသုံးချောင်းရှိပါတယ်။ ရောဂါကို ဆန့်ကျင်တိုက်ခိုက်တဲ့ နည်းလမ်း၊ စီးပွားရေး အကာအကွယ်ပြည့်စုံခြင်းနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဟန်ချက်ညီမှုဆိုတဲ့ ကြိုးတွေပဲ ဖြစ်ပါတယ်။ စတေးဟုမ်းတွေ၊ ကွာရန်တင်းတွေ၊ လော့ဒေါင်းတွေ၊ ခပ်ခွာခွာနေခြင်းတွေ အားလုံးဟာ ရောဂါမပြန့်ပွားစေဖို့ ဟန့်တားပေးတဲ့ အကြောင်းတရားတွေသာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြီးက ဆက်လက်လေ့လာနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကြီးက ကြေညာထားပါတယ်။ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြတဲ့ ရောဂါပိုး သယ်ဆောင်ထားသူတွေ ပြည်သူတွေကြားမှာ ရောနှောရှိနေမလား၊ ဘယ်လောက်ရှိနေမလဲ မခန့်မှန်းနိုင်ပါဘူး။ ဒီတော့ သုတေသနလုပ်ငန်းတွေတိုးချဲ့ လုပ်ဆောင်နေကြပါတယ်။ လူထုရဲ့ ကိုယ်ခံစွမ်းအား၊ ခံနိုင်ရည်စွမ်းအားတွေရပြီး ရောဂါဖြစ်နှုန်း ကျသွားမလားဆိုတာ စောင့်ကြည့် ရပါတယ်။ ကာကွယ်ဆေးတွေ အောင်အောင်မြင်မြင် ထုတ်လုပ်သုံးစွဲနိုင်တဲ့နေ့အထိ စောင့်ကြည့်ရပါမယ်။ ဒါကြောင့် စတေးဟုမ်းကာလကို ဘယ်လိုပဲတိုးမြှင့် လိုက်သည်ဖြစ်စေ ပြည်သူလူထုအတွက်၊ မိမိအတွက် ထည့်တွေးပြီး စိတ်ရှည်ကြရပါမယ်။

ယနေ့ကမ္ဘာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူပေါင်း ၉၀၆၇၃၅၇ ဦး၊ သေဆုံးသူ ၄၇၁၀၂ ဦး ဖြစ်နေပါတယ်။ အိန္ဒိယမှာဆိုရင်တစ်နေ့တည်းမှာ ပိုးတွေ့သူ တစ်သောင်းကျော်ဖြစ်ပြီး အမြင့်ဆုံးစိုးရိမ်မှတ်ကို ရောက်နေခဲ့ပါပြီ။ အမေရိကန်မှာ၊ အာဖရိကမှာ၊ ဘင်္ဂလားဒေ့ရှ်မှာ စသဖြင့် ပိုးတွေ့လူနာစာရင်းက တရိပ်ရိပ်တက်နေပါတယ်။ ပြည့်စုံချမ်းသာတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေတောင် ဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေကြ ရပါတယ်။ တစ်ကမ္ဘာလုံး ထိခိုက်နစ်နာကြရတယ်။ အဓိကက လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးကြရတယ်။ တစ်ဖက်ကလည်း ကပ်ရောဂါကာလ တစ်လျှောက်လုံး နိုင်ငံရဲ့ ယန္တရားတွေ ရပ်ဆိုင်းသွားကြတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ သွင်းကုန်ထုတ်ကုန် ကုန်စည်စီးဆင်းမှုတွေ၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်း ထားကြရတယ်။ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရတယ်။

 

မြန်မာနိုင်ငံအနေနဲ့က ပြည်တွင်းသယံဇာတတွေ၊ စားသောက်ကုန်တွေ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ အသား၊ ငါး၊ သစ်သီးဝလံတွေပေါကြွယ်ဝတယ်။ ဒီကာလလောက်နဲ့တော့ အငတ်ဘေးနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ မရှိဘူး။ အလှူရှင်တွေကလည်း မျှဝေပေးကြတယ်။ ကျေးလက်တောရွာတွေမှာဆိုရင် လယ်ထဲယာထဲ၊ ချောင်းထဲ၊ မြောင်းထဲကရတဲ့ အသား၊ ငါး၊ သစ်သီးသစ်ရွက်တွေနဲ့ အလျဉ်မီမီ စားသောက်နိုင်ကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလူဖြစ်ရတာ အင်မတန် ကုသိုလ်ကောင်းလှပါတယ်။

 

ပြောင်းလဲတတ်ကြ

 

ဒါပေမဲ့ အိမ်ထဲမှာ နေရတာကြာလာတဲ့အခါ၊ ပြင်ပ လောကကို လွတ်လပ်စွာ သွားလာခွင့်မရတဲ့အခါ၊ စိတ်သွားတိုင်း ကိုယ်မပါရတဲ့အခါ လူတိုင်းဟာ စိတ်ဆတ်နေတတ်ကြတယ်။ စိတ်ထွက်ပေါက် ပိတ်နေတဲ့အခါ အားနည်းသူကို အနိုင်ယူတတ်တာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ များလာတတ်တာဆိုတဲ့ အချက်အလက်တွေကိုတော့ သတိပြုကြရပါတယ်။ စိတ်ဆိုတာလည်း အသက်အရွယ်၊ အခြေအနေ၊ အချိန်အခါနဲ့ ပတ်ဝန်းကျင် အပေါ်မှာမူတည်ပြီး ပြောင်းလဲတတ်ကြပါတယ်။ ။

 

ဘယ်လိုပဲဖြစ်ဖြစ် မိမိအသက်ရှင်သန် ကျန်ရစ်ဖို့အတွက် နောက်ထပ် တစ်နှစ်ဖြစ်ပါစေ၊ နှစ်နှစ်ဖြစ်ပါစေ စိတ်ရှည်သည်းခံစွာနဲ့ ကိုဗစ်ကာလရဲ့ စည်းကမ်းတွေ၊ အမူအကျင့်တွေကို ဆက်လက်ထိန်းသိမ်းရင်း အသက် ရှင်သန်သွားကြရပါမယ်။

 

ဒါကြောင့်လည်း “နယူးနော်မယ်” ဆိုတဲ့စကားလုံးက ဒီကာလမှာ အဓိပ္ပာယ်ရှိတဲ့စကားလုံး ဖြစ်လာခဲ့တယ်။ ကိုဗစ်ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါဟာ လူသားတွေရဲ့ အမူအကျင့်ဟောင်းတွေကို ပြောင်းလဲပေးခဲ့တယ်။ ပုံမှန် သွားလာနေထိုင်နိုင်ပါပြီလို့ ကြေညာချက်ထွက်လာသည့် ကာလထိတိုင်အောင် လူအချင်းချင်းဆက်ဆံမှု၊ သွားလာနေထိုင်မှုပုံစံတွေက မူလအတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး။ လူတစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ်၊ နီးနီးစပ်စပ်၊ တိုးတိုးဝှေ့ဝှေ့၊ ကြက်ပျံမကျ လူစုလူဝေး၊ တအုံတမကြီးနဲ့ အသင်းအဖွဲ့တွေ အတူတကွသီဆိုကခုန်၊ တွေ့ဆုံမြူးထူးပျော်ပါးကြဖို့ကို မသိစိတ်က အလိုလိုတွန့်ဆုတ်သွားကြ ပါတော့မယ်။

 

လူအချင်းချင်း ခပ်ခွာခွာနေကြဖို့ဆိုတာ စည်းကမ်း တစ်ခု၊ အလေ့အထ တစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။ ယခင်က ပြုမူလုပ်ကိုင်နေကျ လူမှုဆက်ဆံရေးဆိုင်ရာ အမူအကျင့်တွေနေရာမှာ အပြုအမူအသစ်၊ နည်းလမ်းအသစ်တွေနဲ့ အလိုလိုအစားထိုးသွားကြမှာက “နယူးနော်မယ်” အသွင်တွေပဲ ဖြစ်လာပါလိမ့်မယ်။ အပြင်ထွက်တာနဲ့ နှာခေါင်းစည်းဝတ်တာ အလေ့အထတစ်ခု ဖြစ်လာပါလိမ့်မယ်။ လူစုလူဝေးကို ရှောင်ကြဉ်ရတယ်ဆိုတာကို သင်ယူစရာမလိုဘဲ အလိုလိုလက်ခံသွားကြရင်းနဲ့ လူသားတွေရဲ့ “နယူးနော်မယ်” ပုံမှန်ပုံစံအသစ်က အလိုလိုနေရာယူလာ ကြပါလိမ့်မယ်။ အဲဒီမှာတင် ကျွန်မဦးနှောက်ထဲ အတွေးတစ်ခုက ဖျတ်ခနဲဝင်လာခဲ့တယ်။ အတိတ်ရာဇဝင်ထဲက မောင်ပေါက်ကျိုင်း ဒဏ္ဍာရီထဲမှာ ဒိသာပါမောက္ခ ဆရာကြီးက မောင်ပေါက်ကျိုင်းကို အရေးကြီးတဲ့ စကားကြီး သုံးခွန်းကို သင်ပေးလိုက်ပါတယ်။ “မေးပါများ စကားရ”၊ “သွားပါများခရီးရောက်”၊ “မအိပ်မနေ အသက်ရှည်” တဲ့။ အဲဒီစကားကြီး သုံးခွန်းက သက်ကြီးစကား သက်ငယ်ကြားဆိုသလို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ယူဆောင်လာခဲ့ကြတယ်။ လိုက်နာကျင့်ကြံလာခဲ့ ကြတဲ့ “ရှေးထုံး” တစ်ခုဖြစ်ခဲ့တယ်။ အခုကာလမှာတော့ အဲဒီ “ရှေးထုံး' ကို ပယ်ရပါတော့မယ်။ ။

 

ရှေးထုံးစကားကြီး သုံးခွန်း

 

“သွားပါများခရီးရောက်” တယ် ဆိုတိုင်းလည်း ယခုကာလမှာ လူစုလူဝေးရှိတဲ့နေရာ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါး၊ နေရာအနှံ့ကို ခြေဆန့်လိုက်ရင်တော့ နောက်ဆုံးနိဂုံး ခရီးအဆုံးမှာ ပြန်လမ်းမှရှိပါ့မလား။ “မေးပါများစကားရ” ဆိုတိုင်း အခုလက်ရှိ ကာလမှာတော့ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မလိုအပ်ဘဲ စကားတွေများများ မပြောလေကောင်းလေပါပဲ။ တစ်ယောက် နဲ့တစ်ယောက် ပါးစပ်ထဲက၊ နှာခေါင်းထဲက၊ လေထဲက အမှုန်အမွှားတွေကြောင့် ရောဂါပိုးတွေက မမြင်နိုင်ဘဲ ဝင်လာကြတော့မယ်။ “မအိပ်မနေ အသက်ရှည်” ဆိုတိုင်း တစ်နေ့လုံး၊ တစ်ညလုံး တစ်ချိန်လုံး မအိပ်မနေ ဖေ့စ်ဘွတ်သုံး၊ အင်တာနက်ကြည့်၊ တီဗွီကြည့်မယ်ဆိုရင် တော့ အအိပ်ပျက်မယ်၊ အစားပျက်မယ်။ အစားပျက်တော့ ကိုယ်ခံအားနည်းမယ်။ ကိုယ်ခံအားနည်းတော့ ရောဂါပိုးတွေဝင်လွယ်မယ်... ဆိုတော့ကာ ဒီကာလမှာဖြင့် ရှေးထုံး စကားကြီး သုံးခွန်းကို မဖြစ်မနေ ပယ်ရပါတော့မယ်။

 

စကားလေးတစ်ခွန်း

 

ဒါကြောင့်လည်း “အိမ်ထဲမှာနေ...အသက်ရှည်” ဆိုတဲ့ စကားလေးတစ်ခွန်းကို “နယူးနော်မယ်” စကား လေးတစ်ခွန်းအဖြစ်နဲ့ မိဘပြည်သူတွေကို ကျွန်မက လက်ဆောင်ပါးလိုက်ချင်ပါတယ်။ မဖြစ်မနေ အလုပ်ကိစ္စ ကလွဲလို့ အတတ်နိုင်ဆုံး အိမ်ထဲမှာနေထိုင်ကြရင်း အသက်ရှည်ရာအနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့သာ ဆုမွန် တောင်းလိုက်ရပါတော့တယ်။