အိန္ဒိယငရုတ်မျိုးစိုက်တောင်သူများ  တစ်ပိဿာ ငါးထောင်ကျပ် ရောင်းချရခြင်းကြောင့် အဆင်ပြေ

ညောင်ဦး စက်တင်ဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မြေအောက်ရေသွင်းစိုက်ပျိုးသည့် အိန္ဒိယငရုတ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုတ်သီးစိမ်းတစ်ပိဿာ ငါးထောင်ကျပ်ရောင်းချရခြင်းကြောင့် အိန္ဒိယငရုတ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုတ်စိုက်တောင်သူများထံက သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ အထက်ဉာဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စုများသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့်  သီးနှံအမျိုးမျိုးစိုက်ပျိုးကြရာ သီးနှံပေါ်ချိန် ဈေးနှုန်းကောင်းနိုင်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးကြရာ ယခုနှစ်တွင် အိန္ဒိယငရုတ်မျိုးဖြစ်သည့် မျှားနီတံဆိပ်ငရုတ်မျိုးနှင့် အိန္ဒိယပက်လက်ငရုတ်မျိုးများ တောင်သူအများစု စိုက်ပျိုးကြကြောင်း သိရသည်။

 

ဝါဆိုလ၊ ဝါခေါင်လတွင် ငရုတ်မျိုးများအား ပျိုးထောင်ကြကာ ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ငရုတ်မျိုးစေ့ ပျိုးထောင်ရာတွင် အိတ်တစ်အိတ် မျိုးစေ့(ပျိုး)တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ အိန္ဒိယမျှားနီငရုတ်မျိုး တစ်ထုပ်လျှင် ကိုးထောင်ကျပ်ပေးရကာ မျိုးစေ့ ၁၀၀၀ စေ့ပါကြောင်း၊ အိန္ဒိယပက်လက်ငရုတ်မျိုး တစ်ထုပ်လျှင် သုံးထောင်ကျပ်ပေးရပြီး မျိုးစေ့လေးရာခန့်ပါကြောင်း၊ ယာထဲ၊ ကိုင်းကျွန်းထဲ ရွှေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်းချရကြောင်း၊ ယခုစိုက်ပျိုးထားသည့်မျိုးကို မိုးထောင်မျိုး (အရပ်အခေါ်) လို့လည်း ခေါ်သေးကြောင်း သိရသည်။

 

မြစ်ရေတင် ငရုတ်စိုက်တောင်သူများနှင့် မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးသည့် ငရုတ်မျိုးသည် အပြွတ်လိုက်သီးပြီး အသီးအတော်များကြောင်း၊ ငရုတ်သီးအမှည့်အစိုဈေး တစ်ပိဿာ တစ်သောင်းကျပ် ရောင်းချရပြီး ငရုတ်နောက်ပိုင်း သီးအားမျိုးသီးအဖြစ် အမှည့်ထားကြသော်လည်း ဒုတိယမျိုးဆက် အသီးသေးငယ်ကာ ပထမမျိုးဆက်စိုက်သလောက် အသီးမသီးသောကြောင့် ငရုတ်သီးမှည့်မျိုးမယူကြဘဲ အမှည့်သာဆွတ်ခူးပြီး ရောင်းချကြကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာမှ ငရုတ်စိုက်တောင်သူ ဦးကျော်သူမှ ရှင်းပြသည်။

 

အဆိုပါ ငရုတ်စိုက်တောင်သူများသည် ငရုတ်သီးများလှိုင်လှိုင်သီးချိန် သီတင်းကျွတ်လပြည့်ကျော်မှ နတ်တော်၊ ပြာသိုလထိ ငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရပြီး စိုက်ခင်းကျယ်ကျယ်သလို ငရုတ်အထွက်များကြောင်း၊ ငရုတ်သီးခူး သမတစ်ဦးလျှင် တစ်နေကုန် ငါးထောင်ကျပ်ပေးငှားရကြောင်းနှင့် ထွက်ရှိလာသည့် ငရုတ်သီးများအား ပခုက္ကူဈေးကွက်၊ မြင်းခြံဈေးကွက်နှင့် ညောင်ဦးဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ငရုတ်ကုန်သည်များ ရွာထိလာရောက်ဝယ်ယူကြကြောင်း၊ ငရုတ်သီးတစ်ပိဿာ လေးထောင်ဈေးအောက် မကျနိုင်ဘဲ အတက်ဈေးသာရှိနိုင်ကြောင်းနှင့် ငရုတ်စိုက်တောင်သူများ လိုချင်သည့် ဈေးနှုန်းရရှိခြင်းကြောင့် ငရုတ်စိုက်ပျိုးတောင်သူများ အဆင်ပြေနေကြကြောင်း ဦးကျော်သူထံက သိရသည်။

 

ဒီပါလင်း