အိန္ဒိယနိုင်ငံ  အာသံပြည်နယ်၌ ဒေသပေါင်း၁၇ခုတွင် ရေကြီး

အာသံ ဩဂုတ် ၂၉

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ရေကြီးရေလျှံမှုများအာသံပြည်နယ်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသော ကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း အရာရှိများက ဩဂုတ် ၂၉ ရက်က ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာခဲ့သည်။ အာသံပြည်နယ်၏ ဒေသပေါင်း၁၇ခုတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ရေကြီးမှု ကြောင့် မြို့၊ ရွာနှင့် လယ်ယာမြေများ အပါအဝင် နေရာအတော်များများရေနစ်မြုပ် ခဲ့ပြီးလူများလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရသည်။

အာသံပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ရေကြီးရေလျှံမှုကြောင့် ဒေသ ပေါင်း ၁၇ ခုရေဘေးသင့်ခဲ့ပြီး လူပေါင်း ၁၉၀၆၇၅ ဦး ရေဘေးဒုက္ခရောက်ခဲ့ကြောင်း ပြောသည်။

ထို့အပြင် ကျေးရွာပေါင်း ၅၂၂ ရွာ ရေနစ်မြုပ်ခဲ့ပြီး ကောက်ပဲသီးနှံစိုက်ပျိုးနိုင်သော လယ်ယာမြေ ဟက်တာပေါင်း ၁၈၆ ဟက်တာ ပျက်စီးခဲ့သည်။ ဒေသစီမံအုပ်ချုပ်ရေးဌာနက ရေဘေးသင့်ဒေသများ တွင် အကူအညီဖြန့်ဝေရေးစခန်း ၄၅ ခုကို ဖွင့်လှစ်ပေးထားပြီး ဒုက္ခသည်ကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ပေးထားသည်။ ပြည်နယ်သဘာဝဘေး တုံ့ပြန်ရေးအဖွဲ့က သက်ဆိုင်ရာ အသင်းအဖွဲ့များကို ရေဘေးသင့်ဒေသများတွင် ကူညီဆောင်ရွက်ရန်တိုက်တွန်းထားသည်။

ဆင်ဟွာ