နယူးဒေလီ၊ ဧပြီ ၂
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားသဖြင့် ငါးဦးထက်မနည်း သေဆုံးပြီး အခြား လူ ၁၀၀ ကျော်ဒဏ်ရာ ရရှိကြောင်း အာဏာပိုင်များက ဧပြီ ၁ ရက်တွင် ပြောကြားသည်။
ဂျလ်ပေဂူရီခရိုင်ရှိ နေရာအများအပြား၌ မတ် ၃၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း၊ ဂျလ်ပေဂူရီမြို့နှင့် အနီးနားရှိ မီနာဂူရီမြို့တို့တွင်လည်း သစ်ပင်များ လဲကျခဲ့ကြောင်း သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူများနှင့် အမြန်တုံ့ပြန်ရေးအဖွဲ့များက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်သင့်သည့် ပြည်သူများကိုလည်း ဘေးကင်းသည့် နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အနောက်ဘန်ဂေါ ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘန်နားဂျီက ပြောကြားသည်။ မုန်တိုင်းနှင့်အတူ မိုးသီးမုန်တိုင်းများလည်း တိုက်ခတ်သဖြင့် နေအိမ် ၈၀၀ ပျက်စီးပြီး သစ်ပင် များနှင့် ဓာတ်တိုင်များလည်း လဲကျခဲ့ကြောင်း ဂျလ်ပေဂူရီမှ ရရှိသည့် သတင်းများအရ သိရသည်။
ဆင်ဟွာ