ရန်ကုန် ၉ ဧပြီ
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးကကြီးမှူးကျင်းပသည့် အိန္ဒိယနိုင်ငံအစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ တည်ထောင်သည့်နေ့ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ဇနီး ဒေါ်နွယ်နီစိုး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့် ဇနီး Mrs. Smriti Srivastav တို့က အထိမ်းအမှတ် ဆီမီးတိုင်များကို ထွန်းညှိ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံ အစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (Indian Council for Cultural Relations – ICCR) ၏ အိန္ဒိယနိုင်ငံဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်အကြောင်း မှတ်တမ်းဗွီဒီယိုဖိုင်ကို ပြသပြီး အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက အမှာစကားပြောကြားသည်။
ယင်းနောက် အိန္ဒိယရိုးရာ ယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ ပြည်နယ် ၁၂ ခုမှ အိန္ဒိယရိုးရာဝတ်စုံများဖြင့် ဖက်ရှင်ရှိုးပြသပြီး ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် SVCC မှ ဒါရိုက်တာက ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဆာရီပြပွဲနှင့် အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသား သင်္ကေတများ ပြပွဲကို လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့် ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရှိ အိန္ဒိယလူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အိန္ဒိယနိုင်ငံ အစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (Indian Council for Cultural Relations – ICCR)ကို လွတ်လပ်ပြီးစ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပညာရေးဝန်ကြီးဖြစ်သော Maulana Abul Kalam Azad က ၁၉၅၀ ခုနှစ် ဧပြီ ၉ ရက်တွင် တည်ထောင်ခဲ့သည်။ အဆိုပါကောင်စီကို အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ မူဝါဒများနှင့် အစီအစဉ်များကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့တွင် တက်ကြွစွာပါဝင်ရန်၊ အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးနှင့် အပြန်အလှန် နားလည်မှုတို့ကို မြှင့်တင်ပေးရန်နှင့် အားပေးရန်၊ အခြားနိုင်ငံများမှ ပြည်သူများနှင့် ယဉ်ကျေးမှုဖလှယ်ရာတွင် အထောက်အကူပြုရန်၊ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် စသည့်ရည်ရွယ်ချက်များနှင့် တည်ထောင်ခဲ့ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်


