အိန္ဒိယနိုင်ငံ၌ စက်ရုံအတွင်းရှိဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် စက်ရုံလုပ်သား ၄၀ ကျော် ဒဏ်ရာရ

မတ် ၁၈

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရာနာပြည်နယ်ရှိအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံအတွင်းပိုင်း ဖုန်စုပ်စက်ရှိဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် စက်ရုံလုပ်သား ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် မြို့တော်နယူးဒေလီ၏အနောက်တောင်ဘက် ၆၈ ကီလိုမီတာအကွာ Rewari ခရိုင် Dharuhera စက်မှုဇုန်တွင် မတ်လ ၁၆ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို Sir Shadi Lal Trauma စင်တာသို့ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အားလုံး၏အခြေအနေ ကောင်းမွန်မှုရှိကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် ဆယ်စီးရောက်ရှိခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံရှိစက်ရုံများတွင် စက်ရုံပိုင်ရှင်များ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများကိုလျစ်လျူရှုလေ့ရှိသဖြင့် မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို