အိန္ဒိယနိုင်ငံ၌ ခရီးသည်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားသဖြင့် လေးဦးသေဆုံး၊ လူအများအပြားဒဏ်ရာရ

အောက်တိုဘာ ၁၂

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စင်း၏ ရထားတွဲ ၂၁ တွဲ လမ်းချော်မှုဖြစ်ပွားသဖြင့် လေးဦးထက်မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

အဆိုပါရထားလမ်းချော်မှုသည် ဘီဟာပြည်နယ်၏မြို့တော် ပတ္တနာ၏အနောက်ဘက် ၉၆ ကီလိုမီတာအကွာခန့်ရှိ Buxar ခရိုင်တွင်ရှိသော Raghunathpur ဘူတာရုံတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမတော်တဆမှုကြောင့် လူ ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟူသော တာဝန်ရှိသူများ၏ပြောကြားချက်ကိုကိုးကားပြီး ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

၎င်းရထားသည် မြို့တော်ဒေလီမှ အာသံပြည်နယ်ရှိ Guwahati သို့ ဦးတည်ခုတ်မောင်းလာခြင်းဖြစ်သည်ဟု သိရသည်။

တာဝန်ရှိသူများက ရထားလမ်းချော်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးဟု ဆိုသည်။

မီးရထားဝန်ကြီး Ashwini Vaishnaw က ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည့်ရထားတွဲများအားလုံးကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ကယ်ဆယ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားသည်။

ယခုနှစ်ဇွန်လက Odisha ပြည်နယ်တွင် အဆိုးရွားဆုံးသော ရထားမတော်တဆမှုဖြစ်ပွားခဲ့ရာ ခရီးသည် ၂၉၅ ဦး သေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို