အိန္ဒိယနိုင်ငံ၌ မီဇိုရမ်တံတားပြိုကျမှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ

ဩဂုတ် ၂၄

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ ရထားသွားတံတားတစ်စင်းပြိုကျမှုကြောင့် ယမန်နေ့ကအထိ သေဆုံးသူ ၂၆ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းဖြင့်အတည်ပြုပြောသည်။

အဆိုပါတည်ဆောက်ဆဲတံတားသည် မီဇိုရမ်ပြည်နယ်မြို့တော်အိုက်ဇောလ်၏အနောက်မြောက်ဘက် ၂၁ ကီလိုမီတာ အကွာခန့် စီရင်းမြို့တွင် ယမန်နေ့ကပြိုကျခဲ့ခြင်းဖြစ်သည်။

ထိုတံတားပြိုကျမှုမှ ၁၉ ဦး၏အလောင်းကို ယမန်နေ့ကရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသေးသော သေဆုံးသူများ၏အလောင်းများကို ယနေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောသည်။

တည်ဆောက်ဆဲတံတားပြိုကျမှုကြောင့် သေဆုံးသူအားလုံးသည် ယင်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်နေသော အလုပ်သမားများဖြစ်ကြသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက တံတားပြိုကျမှုနှင့်ပတ်သက်ပြီး သေဆုံးသူများ၏မိသားစုများအား ဝမ်းနည်းစကားပြောကြားသည်။ ထိုတံတားပြိုကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ ချက်ချင်းမသိရှိနိုင်သေးချေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို