အိန္ဒိယနိုင်ငံ၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ခုနစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၆

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတွင် ယမန်နေ့က အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်းသေဆုံးပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် ပြည်နယ်မြို့တော် လက်ခ်နောင်း၏တောင်ဘက် ၁၆၉ ကီလိုမီတာခန့်အကွာ Kaushambi ခရိုင်ရှိ Maheva ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုဖြစ်ပွားချိန်က စက်ရုံတွင် အလုပ်လုပ်နေသူ ၁၈ ဦး နီးပါးရှိကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများမှာ စက်ရုံအလုပ်သမားများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ ယင်းပေါက်ကွဲမှု‌ကြောင့် စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်းနှင့် စက်ရုံပိုင်ရှင်အပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ဓာတုပစ္စည်းများထားရှိရာအခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံများနှင့် ဈေးဆိုင်များတွင် ဘေးကင်းလုံခြုံရေးစံနှုန်းများကို ပိုင်ရှင်များကလျစ်လျူရှုမှုကြောင့်  မတော်တဆပေါက်ကွဲမှုများဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို