အိန္ဒိယနိုင်ငံ၌ မိလ္လာကန်အတွင်း လူလေးဦး အသက်ရှုကျပ်သေဆုံး

နိုဝင်ဘာ ၁၅

အိနိ္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မိလ္လာကန်အတွင်း အလုပ်သမားလေးဦး အသက်ရှုကျပ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် ဂူဂျာရတ်ပြည်နယ် မြို့တော် ဂန်ဧင်နာဂါ တောင်ပိုင်း ၂၈၁ ကီလိုမီတာအကွာ၊ ဆူရတ်ခရိုင် ကျေးရွာတစ်ရွာရှိ စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောညနေပိုင်းက အလုပ်သမားနှစ်ဦးသည် မိလ္လာကန်အတွင်း သန့်ရှင်းရေးလုပ်နေစဉ် သတိလစ်သွားသဖြင့် အခြားနှစ်ဦးက ၎င်းတို့ကိုကယ်ဆယ်ရန် ထိုမိလ္လာကန်အတွင်းဝင်ရောက်ခဲ့ရာ ယင်းနှစ်ဦးပါသတိမေ့သွားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုလေးဦးအား မိလ္လာကန်အပြင်သို့ဆွဲထုတ်သယ်ဆောင်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံသို့ရောက်ရှိချိန်တွင် ၎င်းလေးဦးစလုံး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

အိန္ဒိယနိုင်ငံရှိအလုပ်သမားများသည် အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာစံနှုန်းများကို လျစ်လျူရှုထားလေ့ရှိကြောင်း မီဒီယာက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို