အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စာသင်ကျောင်းများပိတ်ထားရ

မေ ၆

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် မိုးများသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်မုန်တိုင်း တိုက်ခတ်ခြင်း တို့ကြောင့် စာသင်ကျောင်းများနှင့် ကောလိပ်များ အပါအဝင် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း ထိုပြည်နယ်ဝန်ကြီးချုပ် N. Biren Singhက ယနေ့တွင်ပြောကြားသည်။ လွန်ခဲ့သောနှစ်ရက်အတွင်း အထူးသဖြင့် မေ ၅ ရက်နေ့က မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝ ထိခိုက်ခဲ့သည်။ ထိုပြည်နယ်ရှိနေရာများတွင် နေအိမ်များ၊ မော်တော်ယာဉ်များ များစွာပျက်စီးခဲ့သည်ဟု သိရသည်။ အဆိုပါပြည်နယ်ရှိရာသီဉတုအခြေအနေများကြောင့် ၂၀၂၄ ခုနှစ် မေလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စာသင်ကျောင်းများနှင့် ကောလိပ်များအားလုံး ပိတ်ထားမည်ဖြစ်ကြောင်းနှင့် လက်ရှိရာသီဉတုအခြေအနေများကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ထိုပြည်နယ်ရှိဒေသခံများအားလုံး အမိုးအကာများအောက်တွင် နေထိုင်ကြရန် ၎င်းကတိုက်တွန်းပြောကြားထားသည်။ ပြည်နယ်အစိုးရအဖွဲ့က ရေဘေးသင့်သူများကို ကူညီထောက်ပံ့ရန်နှင့်ဒေသခံများ၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန် လိုအပ်သည့် အစီအမံများအားလုံးကိုလုပ်ဆောင်လျက် ရှိသည်။  နိုင်ငံအတွင်းရှိအချို့ဒေသများ အထူးသဖြင့် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ရှိ အပူလှိုင်းများဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို