အိန္ဒိယနိုင်ငံ၌ ရထားကြိတ်ခံရသဖြင့် နှစ်ဦးသေဆုံး၊ လူအများအပြားဒဏ်ရာရ

ဖေဖော်ဝါရီ ၂၉

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျတ်ဟန်ပြည်နယ်တွင် ရထားတစ်စီးက ရထားလမ်းပေါ်ရှိခရီးသည်များအား ကြိတ်မိသဖြင့် နှစ်ဦးအနည်းဆုံးသေဆုံးပြီး အခြားအများအပြားဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါမတော်တဆမှုသည် ပြည်နယ်မြို့တော်ရန်ချီ၏အရှေ့မြောက်ဘက် ၂၁၅ ကီလိုမီတာအကွာ Jamtara ခရိုင်ရှိ Kalajharia ရထားဘူတာအနီးတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရထားကြိတ်ခံရသောခရီးသည်များသည် ရထားအတွင်းပိုင်းတွင်မီးလောင်နေသည်ဟူသော ကောလာဟလများကြောင့် ထိုရထားပေါ်မှခရီးသည်များဆင်းလာပြီး ရထားလမ်းပေါ်စုဝေးနေကြသူများဖြစ်သည်ဟု သိရသည်။ Kalajharia ရထားလမ်းဆုံတွင် ရပ်နားထားသည့် ရထားပေါ်မှဆင်းလာသော ခရီးသည်အချို့အား အခြားမြို့ပတ်ရထားက ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မတော်တဆမှုဖြစ်ပွားရာနေရသို့ ဒေသတွင်းရဲတပ်ဖွဲ့နှင့် ရထားရဲတပ်ဖွဲ့ဝင်များချက်ချင်းရောက်ရှိလာကြောင်း ဒေသတွင်းအစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တာဝန်ရှိသူများကအစိုးရနှင့်ပုဂ္ဂလိကဆေးရုံများမှ အသေးစိတ်အချက်အလက်များကို သိရှိမှသာ ဒဏ်ရာရသူအရေအတွက်ကို အတိအကျသိရှိနိုင်မည်ဟု ၎င်းကဆိုသည်။ လွန်ခဲ့သော ဇွန်လက ဖြစ်ပွားခဲ့သော ရထားမတော်တဆမှုတွင် ခရီးသည် ၂၉၅ ဦး သေဆုံးခဲ့ရာ အိန္ဒိယနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးလူသေဆုံးမှုဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို