အိန္ဒိယနိုင်ငံ၌ ရထားတွဲအတွင်း ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားသဖြင့် ကိုးဦးသေဆုံး၊ လူ ၅၀ နီးပါးဒဏ်ရာရ

ဩဂုတ် ၂၈

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် ဩဂုတ်လ ၂၆ ရက်က ဓါတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရထားတွဲအတွင်း မီးလောင်မှုဖြစ်ပွားကာ လူကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး  ၅၀ နီးပါးဒဏ်ရာရရှိခဲ့သည်။

အဆိုပါမတော်တဆမှုသည် ထိုပြည်နယ်ရှိ မာဒူရိုင်ဘူတာရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအားလုံးသည် ဉတ္တရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းမှဘုရားဖူးလာရောက်သူများဖြစ်သည်။

ထိုရထား၏သီးသန့်ရထားတွဲသည် ဉတ္တရာပရာဒေ့ရှ်ပြည်နယ်မှ ဩဂုတ်လ ၂၆ ရက်က ရောက်ရှိပြီး ရထားဘူတာရုံအနီးတွင် ရပ်နားထားခဲ့သည်။

 ယင်းရထားတွဲအတွင်း တရားမဝင်သယ်ဆောင်လာသော ဓါတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်း မီးရထားဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသည်များက ထိုဓါတ်ငွေ့အိုးကိုတရားမဝင်သယ်ဆောင်လာခြင်းဖြစ်ရာ ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းမီးရထားဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို