နယူးဒေလီ  အောက်တိုဘာ   ၃၁

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်၌  အောက်တို ဘာ  ၃၀ ရက်က   ရထား  မတော် တဆမှုဖြစ်ပွားခဲ့ရာ   သေဆုံးသူ ပေါင်းမှာ  ၁၄ ဦး အထိ ရှိလာပြီး ဒဏ်ရာရရှိသူပေါင်းမှာ ၅၀ အထိ ရှိလာပြီဖြစ်ကြောင်း     အိန္ဒိယမီးရထားအရာရှိများက အတည်ပြု ပြောကြားခဲ့သည်။

ရထားတိုက်မှုသည်  တနင်္ဂနွေနေ့   ညနေပိုင်းက ဖြစ်ပွားခဲ့သည်။   ခရီးသည်တင်   ရထားနှစ်စင်းသည်   ဗီဇီရာနာဂရမ်ဒေသတွင်   မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များ၏ပြောကြား ချက်အရ   ခရီးသည်တင်ရထားတစ်စင်းသည် အချက်ပြစနစ်ကို သတိမထားမိဘဲ     နောက်ထပ်ခရီးသည်တင်  ရထားတစ်စင်းကို အနောက်မှ ဝင်တိုက်မိရာမှ   မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။ ရထားတိုက်မှုဖြစ်ပွားရာတွင် လူ ၁၃ ဦး အခင်း ဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးမှာ ဆေးရုံရောက်ပြီး ဆေးကုသမှုခံယူနေစဉ်  သေဆုံးခဲ့ခြင်းဖြစ်သည်။

ရထားတိုက်မိမှုဖြစ်ပွားပြီးနောက် ရထား ၃၃ စင်း၏ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး  ခြောက်စင်းမှာ   ခရီးစဉ်များ  ပြန်လည်ပြင်ဆင်ခဲ့ရသည်။   ရထားတိုက်မိမှုမှာ   ပြင်းထန်သဖြင့်    ရထားနှစ်စင်းလုံး၏     ရထားတွဲများ အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့သည်။

ဒဏ်ရာရရှိ သေဆုံးခဲ့သူများအတွက် လျော်ကြေးများပေးသွားမည်ဖြစ်ကြောင်း    ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအာဏာပိုင်များက ပြောသည်။               

ဆင်ဟွာ