အိပ်မက်လမ်းသို့ ခရီးရှည် (၇)

မြင့်စိုး (နတလ)

ဒုတိယမြောက်အိပ်မက်လမ်းတစ်သွယ်

ပူတာအိုခရိုင်အတွင်းကမဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံလမ်းကို အိပ်မက်လမ်းတစ်သွယ်အဖြစ် ကျွန်တော်တို့ အမည်ပေးကင်ပွန်းတပ်ခေါ်ဝေါ်ခဲ့ကြပါပြီ။ ဤသို့ဆိုလျှင် ပူတာအိုခရိုင် အတွင်းမှာပင် နောင်မွန် မြို့နယ် ပန်နန်းဒင်မြို့မှ အစပြုဖောက်လုပ်နေသော ပန်နန်းဒင်-ငါ့ဝါ-ဂဝိုင်-ဒဇုံဒမ်း-တဆူထု-ထလာထုခရောင်း- ဒဟွမ်ဒမ်းလမ်းကို ဒုတိယမြောက်အိပ်မက် လမ်းတစ်သွယ်အနေဖြင့် တင်စားခေါ်ဝေါ်မည်ဆိုပါ က မှားမည်မထင်ပါ။ ယခင်ဖွဲ့စည်းပုံအရ မြို့နယ်ခွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရဖူးသော အနှီပန်နန်းဒင်မြို့လေးသည် မြန်မာပြည်၏ မြောက်ဘက်အစွန်ဆုံးဒေသမှ တစ်ခုတည်းသော မြို့ကလေးဖြစ်သည်။ မြန်မာပြည်၏ မြို့များစွာထဲမှာ တစ်ခုအပါအဝင် ဖြစ်နေသော်ငြား လည်း မော်တော်ကားတစ်စီးမှမရှိ၍ မြို့တွင်းသွား ကားလမ်းဖောက်ပေးရန်မလိုသော၊ ဆိုက်ကားနှင့် မြင်းလှည်းအစရှိသည့် အနှေးယာဉ်များလည်း တစ်စီး တလေမှမရှိကြသော၊ ကဆန်ခ ချောင်းလေးဘေးမှာ ရှိနေလင့်ကစား ထက်အောက်စုန်ဆန် သွားလာနိုင်သည့် စက်လှေများလည်း မတွေ့မြင်ခဲ့ရသော ပီဘိသနားစရာ မြို့လေးအဖြစ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေပါသည်။ တစ်ချိန်က မိမိတို့ မွေးရပ်ဇာတိမြေ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာ မြို့လေးကို ဧရာဝတီတိုင်းဒေသကြီး၏ မဲဇာ၊ ကားလမ်းမရှိ၊ ရထားလမ်းမရှိ ငဝန်မြစ်ထဲမှာ စက်လှေကလေးများဖြင့် တဖုတ်ဖုတ်သွားပြီးမှ ရောက်သောလမ်းဆုံးမြို့ (လမ်းဆုံမဟုတ်ပါ) လေးအဖြစ် ဝိဂြိုဟ်ပြုခဲ့ကြဖူးပါသည်။ သံယောဇဉ်ကြီးစွာဖြင့် ကျွန်တော် နှစ်ခါနှစ်ခေါက်ရောက်ခဲ့ဖူးသော ပန်နန်းဒင်၏ အခြေအနေက လေးမျက်နှာမြို့ ထက်ဆိုးကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည်။

ရပ်ဘော့-ပန်နန်းဒင်ကားလမ်းမိုင် (၃၀) ကို နတလက ၂၀ဝ၈-၂၀ဝ၉ ခုနှစ်တွင် စတင်ဖောက်လုပ်ပေးခဲ့ပြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ပဆင)က ဆက်လက် ဖောက်လုပ်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ပန်နန်းဒင် မြို့ထိပ်က ကဆန်ခချောင်းဘေးထိ လမ်းပေါက်ခဲ့ပြီဖြစ်သည်။ ကဆန်ခချောင်းပေါ်တွင် ကြိုးတံတားလေး တစ်စင်း တည်ဆောက်ထားပြီးဖြစ်ရာ မြို့နားအထိ ကားလမ်းပေါက်လာချိန်၌ မော်တော်ဆိုင်ကယ်လေးများဖြင့် မြို့ထဲအထိ သွားလာနေကြပြီဖြစ်သည်။ ပန်နန်းဒင်၏ ပကတိအခြေအနေအရ အလွန်သေးငယ်သော မြို့လေးအဖြစ် တည်ရှိနေသော်ငြား သူ၏ အနောက်ဘက်ရှိ ခါကာဘိုရာဇီတောင်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တို့နှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်ကောင်းများ၏ အရှိန်အဝါက အရှေ့တောင်အာရှနိုင်ငံများ အတွင်းသာမက ကမ္ဘာသိကြီးမားကျယ်ပြန့်စွာ တောက်ပလျက်ရှိသည်ကို တွေ့မြင်ရပေမည်။ နောင်တွင် နိုင်ငံ တော်အတွက် အရေးပါမည့် ထိုဒေသမှာ နတလက စတင် ဖောက်လုပ်နေသော ထိုကားလမ်းသည် ထိုဒေသက တိုင်းရင်းသားများအတွက် ယခင်ကာလများစွာ ကတည်းက အိပ်မက်မက်ခဲ့ရသော လမ်းတစ်သွယ် ဖြစ်နေခဲ့သည်ဟု ညွှန်းဆိုရသော် မှားမည်မဟုတ်ပါ။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ နယ်စပ် ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်တို့ သည် တာဝန်ရှိသူများ လိုက်ပါလျက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပန်နန်းဒင်မြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံကာ ဆန်အိတ်နှင့် ဆားအိတ်များ၊ ကြက်ဥ၊ ဘီစကွတ်မုန့်၊ ခေါက်ဆွဲခြောက်၊ ရွှေဖီဦးအသင့်ဖျော် တပ်မတော် လက်ဖက်ရည်ထုပ်များ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီစသော စားသောက်ဖွယ်ရာများ၊ ကျောင်း ဝတ်စုံ၊ ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့ပေးခဲ့ပြီးနောက် ပန်နန်းဒင်-ငါ့ဝါ-ဂဝိုင်-ဒဇုံဒမ်း-တဆူထုထလာထု-ခရောင်း-ဒဟွမ်ဒမ်းလမ်း ဖောက်လုပ်နေမှု အခြေအနေများကို လိုက်လံစစ်ဆေး ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ နယ်စပ်ဒေသအသီးသီး၌ လမ်းတံတား လုပ်ငန်းများအပါအဝင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာ၌ လူဦးရေသိပ်သည်းဆအနည်း အများ၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ မကိုက်ခြင်း တို့ကို မေ့ထားရန် လိုအပ်သကဲ့သို့၊ ထိုဒေသသေးသေး လေးမှာ ဆောင်ရွက်ပေးနေသော လုပ်ငန်းများက တစ်ဆင့် ရရှိလာသည့် တိုင်းရင်းသားများ၏ ယုံကြည်မှု၊ အားကိုးအားထားပြုမှုတို့သည် အခြားအခြားသော နယ်စပ်ဒေသများသို့ပါ စိမ့်ဝင်ပျံ့နှံ့ကာ နိုင်ငံတော်အစိုးရ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို များစွာအထောက် အကူပြု၍ နေပါလိမ့်မည်။

ခေါင်လန်ဖူးမြို့လေးဆီသို့

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်းရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံအား လှည့်လည် ကြည့်ရှုကြပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ မေးမြန်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပါလာသော ဆန် အိတ်၊ ဆားအိတ်များ၊ ရေသန့်စက် ၁၄ စုံ၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ခဲတံများ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အသင့်ဖျော် တပ်မတော် လက်ဖက်ရည် ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ရီဒမ်းသို့ ရောက်ခဲ့သည်

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူးမှ ပြန်လည်ထွက်ခွာခဲ့ကြရာ ရီဒမ်းကျေးရွာတွင် ရဟတ်ယာဉ်ဆင်းပြီးနောက် မေခမြစ်ကူးရီဒမ်း ကြိုးတံတားအားလည်းကောင်း၊ ကားလမ်း ပေါက်သွားလျှင် မေခမြစ်ကူးရန် နယ်စပ်ရေးရာဝန်ကြီးဌာနက တည်ဆောက်ပေးမည့် ကူးတို့ဖောင်ထားရှိမည့် နေရာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရီဒမ်းသို့ရောက်ခိုက် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ ကာ ထောက်ပံ့ငွေများပေးအပ်ပြီး ကျောင်းအတွက် တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ တစ်လုံးကိုလည်း ခွင့်ပြုပေးခဲ့သည်။ ခေါင်လန်ဖူး အခြေခံပညာ အထက်တန်း ကျောင်းအတွက်လည်း ဝန်ထမ်းအိမ်ရာနှစ်လုံး ခွင့်ပြုခဲ့ ပါသေးသည်။

ဆန်းလွတ်ချက်သို့ ဝင်

ပြည်ထောင်စုဝန်ကြီး၊ ကစထမှူး၊ တိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် ရီဒမ်းကြိုးတံတားမှအပြန် မဂွေဇ-ခေါင်လန်ဖူး ကားလမ်း၏ ၃၃ မိုင် ၆ ဖာလုံ နေရာဆန်းလွတ်ချက် တောင်ထိပ်သို့ ရဟတ်ယာဉ်ဆင်းပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ဆက်လက်ဖောက်လုပ်နေသော လမ်းပြီးစီးမှု အခြေအနေ၊ လိုအပ်ချက်နှင့် အခက် အခဲများ၊ လာမည့်ဘဏ္ဍာနှစ်တွင် လျာထားသော လုပ်ငန်းများကို တင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးပြီး သတ်မှတ် ကာလတွင် ပြီးစီးရေး၊ အရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် ကြရေး မှာကြားသည်။ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်တို့ကလည်း လမ်းလုပ်ငန်းများ အမြန်ပြီးစီးရေးအတွက် ယန္တရားမောင်းစစ်သည်များ၊ မိုင်းခွဲကျွမ်းကျင် စစ်သည်များထပ်မံ၍ အင်အားဖြည့်တင်းပေးပါသည်။ ယင်းနောက် လမ်းလုပ်သားများ၊ ဝန်ထမ်းများနှင့် စစ်သည်များအတွက် ထောက်ပံ့ငွေများပေးအပ်၍ လမ်းဖောက်လုပ်နေသော ၃၅/ဝမိုင် အထိ ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ရဟတ်ယာဉ်အား မဂွေဇသို့ပျံသန်း စောင့်ကြိုစေကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ဆန်းလွတ်ချက်မှ မဂွေဇအထ ိမော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးပြီး ကျောက်လမ်းခင်းခြင်း၊ Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

အိပ်မက်လမ်းသို့ ခရီးရှည်

ဤနာမည်ဖြင့် ကျွန်တော် ဆောင်းပါးများရေးခဲ့သည်။ ဤနာမည်ဖြင့်ပင် ကျွန်တော် စာမူရေးပေးပြီးမြန်မာ့ ရုပ်မြင်သံကြား (MRTV) က ရုပ်/သံအစီအစဉ်တစ်ခုကို ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်၊ ရီဒမ်း ဒေသများနှင့် ဖောက်လုပ်ဆဲ မဂွေဇ-ခေါင်လန်ဖူး ကား လမ်းတစ်လျှောက် ရိုက်ကူးထားပြီးဖြစ်သည်။ ထုတ်လွှင့် ပြသနိုင်ရေး အပြီးသတ်စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ စင်စစ်သော်ကား ဤနာမည်ကိုစ၍ ပေးခဲ့သူ မှာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူ လက်တွဲကာ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဂွေဇခေါင်လန်ဖူး(၆၅/၄)မိုင် ကားလမ်းနှင့် ပတ်သက်၍ ကားလမ်းမဖောက်လုပ်မီက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေ အနေနှင့် လမ်းဖောက်လုပ်ပြီး ပြောင်းလဲသွားသော အခြေအနေများ၊ ဒေသခံ ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအခြေအနေ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် Tourist Attraction အတွက် သာယာလှပသောနေရာများနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများ ပြည့်စုံကြွယ်ဝသည့် ဒေသဖြစ်ကြောင်း ပုံဖော်ရိုက်ကူးတင်ပြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ခဲ့သည်။

ယင်းလမ်းညွှန်ချက်အရအကြံဉာဏ်နှင့် ညှိနှိုင်းပေါင်း စပ်မှုများရယူရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၌ ညှိနှိုင်း ပေါင်းစပ် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် (ယခုဒုတိယဝန်ကြီး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန)၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရုပ်သံအစီအစဉ် ၏ အမည်ကို ‘အိပ်မက်လမ်းသို့ ခရီးရှည်’ ဟုပေးရန် ဦးမျိုးမြင့်မောင်က အကြံပြုခဲ့ခြင်း ဖြစ်၏။ သေချာ ပြန်စဉ်းစားကြည့်လျှင် ကျွန်တော်တို့ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသအသီးသီးမှာ လှည်းမပေါက်၊ လှေ မရောက်၊ ကားလမ်းမရှိ၊ ရထားလမ်းနတ္ထိ၊ သွားလာရေးခက်ခဲလွန်း၍ လမ်းတစ်လမ်း ပေါ်ပေါက်စေရေး အိပ်မက်မက်နေကြသူများ များစွာရှိနေပါဦးမည်။ ဒီလို နေရာဒေသမျိုးတွေမှာ သူတို့တစ်တွေ အိပ်မက်က နိုးထလာအောင် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဖန်တီးဖော်ဆောင် ပေးကြရပါဦးမည်။ လမ်း/တံတား တစ်မျိုးတည်းသာမက ပညာရေး အိပ်မက်၊ ကျန်းမာရေး အိပ်မက်၊ ဆက်သွယ်ရေးအိပ်မက်၊ စွမ်းအင်အိပ်မက် စသည်ဖြင့် များစွာသော အိပ်မက်များက နိုးထလာစေရန် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပါဦးမည်။

ကြေးမုံ

 

mdn