ပြီးခဲ့သည့် နှစ်လခန့်က လစ်ဗျားနိုင်ငံအလယ်ပိုင်း ဖူဂျဟာ မှ အစ္စလာ့မ်နိုင်ငံတော် အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ပြန်ပေးဆွဲခဲ့သော ဓားစာခံ ၁၀ ဦးမှ ၆ ဦးကို ကွပ်မျက်ခဲ့ကြကြောင်း ဂျူဖရာ ခရိုင် အုပ်ချုပ်ရေးမှူး အော့သ်မန် ဟာဆူနာ က လစ်ဗျား အယ်အာရာ ရုပ်သံလွှင့်ဌာနကို ယမန်နေ့က ပြောကြားခဲ့သည်။
ဟာဆူနာက အိုင်အက်စ် အကြမ်းဖက်သမားများနှင့် လစ်ဗျားတပ်ဖွဲ့ဝင်များအကြား ဓားစာခံများနှင့် အိုင်အက်စ် အကျဉ်းသားများ လဲလှယ်ရေး စေ့စပ်ညှိ နှိုင်းရေးပြုလုပ်နေကြောင်း ဂျူဖရာ ခေါင်းဆောင်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ထရီပိုလီမြို့တော် အရှေ့တောင်ဘက် ၆၅၀ ကီလိုမီတာအကွာ ဂျူဖရာ ရှိ ဖူဂျဟာ တွင် အောက်တိုဘာလက စီးနင်းတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံးခဲ့ခြင်းသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် တို့က အခိုင်အမာဆိုခဲ့သည်။
ဖေဖော်ဝါရီလက ဂျူဖရာ စစ်ဆေးရေး ဂိတ်တွင် အသေခံတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ ဖျက်ဆီးခံခဲ့ရပြီး တပ်မတော်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို