အကောင်းဆုံး မျက်နှာသစ်တေးသံရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကာဒီတီ

mdn

၂၃  သြဂုတ်

 

အမျိုးသမီးရက်ပ်တေးသံရှင် တစ်ဦးဖြစ်သူ ကာဒီဘီကတော့ လတ်တလောမှာ ကျင်းပခဲ့တဲ့ “MTV Video and Music Awards” ဆုပေးပွဲကြီးမှာ ယခုနှစ်အတွက် အကောင်းဆုံးမျက်နှာသစ် တေးသံရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အဆိုပါဆုပေးပွဲကို မကြာသေးမီကမှ မွေးဖွားခဲ့တဲ့ သမီးလေးကိုပါ အတူခေါ်ဆောင်လာခဲ့ကြောင်း အမ်တီဗွီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

 

ကာဒီဘီဟာ အနုပညာခရီးအစမှာပင် အချိန်တိုအတွင်း အောင်မြင်လာခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လူသိများတဲ့ တေးသံရှင်တစ်ဦး ဖြစ်လာခဲ့ပြီးနောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာ ချိန်မှာတော့ အဆိုးမြင်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အချို့ပရိသတ်တွေက တေးသံရှင်ဟာ အနုပညာလမ်းကြောင်းပေါ် ကောင်းစွာခြေမချရမီမှာပင် ကလေးမွေးဖို့ရာ စဉ်းစားနေကြောင်း၊ ဒီလိုအပြုအမူဟာ သူ့ရဲ့ အနုပညာခရီးကို ဖျက်ဆီးရာရောက်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒီလို သူ့ကိုဝေဖန်ခဲ့သူတွေကို ကာဒီဘီက ဆုလက်ခံရယူအပြီး အမှတ်တရ စကားပြောကြားစဉ်မှာ ပြန်လည်ချေပခဲ့တာကိုလည်း တွေ့ရပါတယ်။

 

တေးသံရှင် ကာဒီဘီက ဆုပေးပွဲစင်မြင့်ထက် အမှတ်တရ စကားပြောကြားချိန်မှာ မကြာသေးမီကမှ မွေးဖွားခဲ့တဲ့ သမီးဖြစ်သူကို စင်မြင့်ထက်ဆီ ချီလာကာ သူက “လွန်ခဲ့တဲ့ နှစ်လလောက်က လူတွေက ကျွန်မကို အနုပညာခရီးကို အလောင်းအစားလိုမျိုး လုပ်နေတာလား၊ မင်းကလေးတစ်ယောက် ရတော့မယ်၊ ဘာလုပ်မှာလဲ စသဖြင့် ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုပြောကြားခဲ့တဲ့သူတွေ သိစေဖို့က ကျွန်မမှာ ကလေးတစ်ယောက်ရှိနေပါပြီ၊ ကျွန်မ ကလေးကို စင်မြင့်ပေါ်လည်း ခေါ်ဆောင်လာခဲ့ပါပြီ။ ဒါ့အပြင် အခုတော့ ကျွန်မထူးချွန်ဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါပြီ”လို့ ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

အခမ်းအနားကို ကာဒီဘီရဲ့ ခင်ပွန်းဖြစ်သူ တေးသံရှင် အော့ဖ်ဆက်လည်း အတူတက်ရောက်ခဲ့ပြီး ကာဒီဘီက အထက်ပါအတိုင်း ပြောကြားခဲ့ရာမှာတော့ လူအုပ်ကြားထဲမှာရှိနေတဲ့ ခင်ပွန်းဖြစ်သူကလည်း လက်ခုပ်တီးကာ အားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကာဒီဘီက သူ့ရဲ့အောင်မြင်မှုအတွက် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်