အချောထည်ဈေးကွက်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အခွင့်အလမ်းလည်းရှိတယ်၊ စိန်ခေါ်မှုတွေလည်းရှိတယ်

၁၁ စက်တင်ဘာ

 

ဦးဇော်ဘိုခန့်

သတ္တုကဏ္ဍနှင့်ဆက်စပ်သည့် နိုင်ငံ့စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

သတ္တုကဏ္ဍနှင့်ဆက်စပ်သည့် နိုင်ငံ့စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးခင်လတ်ကြီး (ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန)၊ ဒေါက်တာရဲမြင့်ဆွေ (ညွှန်ကြားရေးမှူးချုပ်၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန)၊ ဦးအောင်ညွန့်သိန်း (ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း)၊ ဦးထွန်းလင်းရှိန် (မန်နေဂျင်းဒါရိုက်တာ၊ မြောက်ကျွန်းသူမမ သတ္တုတူးဖော်ရေးကုမ္ပဏီ) နှင့် ဦးဇော်ဘိုခန့် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်-

 

အစီအစဉ်မှူး။ ။ ဓာတ်သတ္ထုDGကိုပဲ မေးခွန်း မေးမြန်း ခြင်းနဲ့ စတင်ကြပါမယ်။ ဓာတ်သတ္တု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ဘယ်လိုချိတ်ဆက် ဆောင်ရွက်နေတယ်။ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာကို သိချင်ပါတယ်။

 

ဒေါက်တာရဲမြင့်ဆွေ။ ။ ဓာတ်သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘူမိသိပ္ပံဆိုင်ရာ ဘာသာရပ်တွေ၊ ဓာတ်သတ္တုရှာဖွေရေးနဲ့ စမ်းသပ်ရေး ဆိုင်ရာ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ ချိတ်ဆက်ဆောင်ရွက်နေ တာတွေ ရှိပါတယ်။ လက်ရှိအနေနဲ့ ကျွန်တော်တို့က ကိုရီးယားသမ္မတနိုင်ငံKorea Institute of Geosciences and Mineral Resources ဆိုတာနဲ့ ပူးပေါင်းပြီးတော့ ချင်းပြည်နယ် တီးတိန်မြို့နယ် ဘိုပီဘွန်းတောင်ဒေသမှာ ရှိတဲ့ ခရိုမိုက်သတ္တုသိုက်ဖြစ်ထွန်းမှုတွေကို အသေးစိတ် သုတေသနပြုလေ့လာနေပါတယ်။ သုံးနှစ် ရှိပါပြီ။Japan Oil, Gas and Metals National Corporation (JOGMEC) လို့ ခေါ်တဲ့အဖွဲ့နဲ့ ပေါင်းစပ်ပြီး ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ဓာတ်သတ္တုဖြစ်ထွန်းမှုတွေနဲ့ပတ်သက်တဲ့ သုတေသန ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။

 

 

အာဆီယံနိုင်ငံတွေအားလုံး

 

ကျွန်တော်တို့ မနှစ်က ပရောဂျက်တစ်ခုပြီးသွားပါပြီ။ Geological Survey of Finlandနဲ့ ပေါင်းစပ်ပြီး သူတို့ရဲ့အကူအညီကိုယူပြီးတော့ ကျွန်တော်တို့ ဘူမိဗေဒ မြေပုံတွေDigital format နဲ့ ရေးဆွဲရေးတွေ၊ Geology mineral resources dataတွေကို ကျွန်တော်တို့GIS base data system တည်ဆောက်ရေးတွေအတွက် လေ့ကျင့်ရေးအစီအစဉ်တွေ ဆောင်ရွက်ပေးတာရှိပါတယ်။ ဒါ့အပြင် JICA နဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ မြန်မာ တစ်နိုင်ငံတည်းတော့မဟုတ်ဘဲ အာဆီယံနိုင်ငံတွေအားလုံး ပါဝင်တဲ့ mineral resources website data baseစနစ် အတွက် training program resources တွေနဲ့ mineral information တွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မျှဝေဖို့ စနစ်တွေ အတွက် Workshopတွေကို ကျွန်တော်တို့ ကျင်းပတယ်။

 

သုတေသန လေ့လာမှု

 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံး ကျွန်တော်တို့ အရှေ့တောင်အာရှမှာရှိတဲ့ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ လာအို နိုင်ငံငါးနိုင်ငံရဲ့ နယ်စည်းမခြား သတ္တု သိုက်တွေ၊ ဆက်နွှယ်မှုတွေနဲ့ ဘူမိဗေဒဆက်စပ်မှုတွေကို တာချီလိတ်ဘက် ရှမ်းအရှေ့မှာ ပေါင်းစပ်ပြီး သုတေသန လေ့လာမှုတွေရှိခဲ့ပါတယ်။

 

လက်ရှိ ၂ဝ၁၈ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဓာတ်သတ္တု အရင်းအမြစ်ဌာနနဲ့ပေါင်းစပ်ပြီး ကျောက်မျက်ဖြစ်ထွန်းမှု သုတေသနတွေ ပူးပေါင်းဆောင်ရွက်တယ်။ ဘူမိသိပ္ပံ ဘာသာရပ်အနေနဲ့ ငလျင်နဲ့ပတ်သက်တဲ့ လေ့လာမှုတွေကို မြန်မာပြည်ထဲမှာပဲ သုတေသန လာရောက်လုပ်ပြီးတော့မှ ပူးပေါင်းဆောက်ရွက်နေတာတွေ ရှိပါတယ်။

 

အစီအစဉ်မှူး။ ။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွင်းထွက်သယံ ဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့အပြင် အဲဒီတွင်းထွက်သယံဇာတတွေ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ပွင့်လင်းမြင်သာဖို့ တကယ်အရေးကြီးတယ်လို့ ထင်မြင်မိပါ တယ်။ ဒါကြောင့် ဓာတ်သတ္တုကဏ္ဍနဲ့ပတ်သက်ပြီးတော့တွင်းထွက်သယံဇာတတွေ တူးဖော်ထုတ်လုပ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအတွက်EITIအကောင် အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းတွေကိုလည်း ပြည်သူတွေ သိအောင်ရှင်းပြပေးပါဦး။

 

ဦးခင်လတ်ကြီး။ ။ သတ္တုကဏ္ဍအနေနဲ့ သယံဇာတတူးဖော် ထုတ်လုပ်မှုလုပ်ငန်းတွေကို ပွင့်လင်း မြင်သာမှု EITI လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ ၂ဝ၁၄ ခုနှစ်မှာ ၄၅ နိုင်ငံမြောက် အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာခဲ့ပြီး တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့အတွက် ၂ဝ၁၆ ခုနှစ်မှာ ကျွန်တော်တို့ ပြည်ထောင်စု ဝန်ကြီးအပါအဝင် ဝန်ကြီး လေးဦးနဲ့ ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပါတယ်။ ပြီးတော့ အကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းကော်မတီတွေနဲ့ အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက် အဖွဲ့အစည်းတွေပါတဲ့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းပြီးတော့ EITIလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့အတွက် ကြောင့် မြန်မာနိုင်ငံ EITIအစီရင်ခံစာတွေကို ဒုတိယ အကြိမ် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နဲ့ တတိယအကြိမ် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွေမှာ သတ္တုကဏ္ဍနဲ့ ကျောက် မျက်ကဏ္ဍတွေကနေ နိုင်ငံတော်အတွက်ရရှိတဲ့ အခွန် ဘဏ္ဍာအချက်အလက်တွေကို ၂ဝ၁၈ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှာ မြန်မာနိုင်ငံ EITI Boardအဖွဲ့ကို တင်ပြထား ပြီးဖြစ်ပါတယ်။

 

 

ပြန်လည်ဆန်းစစ်

 

၂ဝ၁၈ ခုနှစ် သြဂုတ်လအတွင်းမှာတော့ EITI Board အဖွဲ့မှာပါရှိတဲ့ တာဝန်ရှိသူတွေကိုယ်တိုင် မြန်မာ နိုင်ငံကိုလာပြီးတော့ ကျွန်တော်တို့ တင်သွင်းထားတဲ့ အစီရင်ခံစာအပေါ်မှာ ပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပါပြီ။ ဒီဆန်းစစ်ခြင်းရဲ့ ရလဒ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ တင်းပြည့်အဖွဲ့ဝင် နိုင်ငံဖြစ်လာတော့မှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းအပိုင်းမှာ ဒီလို တူးဖော် ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသားတွေအကျိုးကို ပိုမိုပြီးတော့ တိုးတက်ဖြစ်ထွန်းအောင် ဘယ်လိုဆောင်ရွက် သွားမလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

 

ဦးဇော်ဘိုခန့်။ ။ ကျောက်မျက်ရတနာဆိုတာ ကျွန်တော် တို့နိုင်ငံအတွက် လက်ဆောင်မွန် ဖြစ်ပါ တယ်။ အဲဒီကဏ္ဍမှာ ပါဝင်ပတ်သက်တဲ့သူတွေက အရေး ကြီးပါတယ်။ ပါဝင်ပတ်သက်တဲ့သူဆိုတာက ဥပဒေပြုတဲ့သူ ကစပြီး နောက်ဆုံး တူးဖော်ပြီး မိုင်းတွေပိတ်သိမ်းတဲ့အဆင့် အထိ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးက အရေးကြီး ပါတယ်။ ဥပဒေပြုတဲ့ပုဂ္ဂိုလ်တွေကလည်း လိုက်လျော ညီထွေဖြစ်သွားအောင် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် မိုင်းဒီဇိုင်းတွေနဲ့ ကိုက်ညီတဲ့ မိုင်းဥပဒေမျိုး၊ ကျောက်မျက်ဥပဒေမျိုးကို ပြဋ္ဌာန်းပေးသင့်ပါတယ်။

 

 

စနစ်တကျမှတ်ပုံတင်

 

ကျွန်တော်တို့ လုပ်ငန်းရှင်တွေကလည်း လိုက်နာ ရမယ်။ လိုက်နာပြီး Mine Closure Plan လုပ်မယ်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့အပိုင်းကို လုပ်ရမယ်။ ဒီအဆင့်ဆင့်အားလုံးမှာ ပါဝင်ပတ်သက်ပြီးတော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ နောက် တစ်ခုက ထွက်ရှိလာတဲ့ ကျောက်မျက်ရတနာအားလုံးကို စနစ်တကျမှတ်ပုံတင်ရမယ်။ ပြီးရင် အခွန်ဆောင်ရမယ်။ နိုင်ငံတော်ရဲ့ သယံဇာတဖြစ်တဲ့အတွက် Any Pieces အခွန် ဆောင်ကိုဆောင်ရမယ်။ ဒါကို ကျွန်တော်က မြန်မာ့ ကျောက်မျက်ရတနာကို တိုက်တွန်းချင်တယ်။ အခွန် ကောက်ကို ကောက်ရမယ်။ အခွန်ဥပဒေဘယ်လိုပဲရှိရှိ ကောက်ကိုကောက်ရမယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ ဒီလိုမှသာလျှင် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်တာကအစ အချောထည်ထုတ်လုပ်တာကို ညီညီညာညာနဲ့ ဝိုင်းပြီး စုပေါင်းလုပ်ကိုင်မှ ဈေးနှုန်း၊ ဈေးကွက်ထိန်းချုပ်ပြီးတော့ ရေရှည်အတွက် ဈေးကွက် ခိုင်မာမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဌာနဆိုင်ရာ အကြီးအကဲတွေ ရှိနေတုန်းမှာ အခြားသိချင်တာများရှိရင် ပရိသတ်များနဲ့အတူ သိနိုင်ဖို့အတွက် အစ်ကိုကလည်း မေးခွန်းတွေ မေးပေးပါဦး။

 

ဦးဇော်ဘိုခန့်။ ။ ကျွန်တော် အမြဲတမ်း စိတ်ထဲမှာမေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာထွက်တဲ့ ကျောက်မျက်ရတနာတွေက အများကြီးပဲ။ ဈေးကွက်က ပြည်တွင်းမှာ အခုထိမဖြစ်ဘူး။ ကျွန်တော်တို့ ကျောက်မျက်ရတနာပြပွဲတွေ လုပ်တယ် ဆိုတာကလည်း နှစ်ပေါင်း ၆ဝ ကျော်ပြီ။ ပွဲပေါင်းလည်း ၉ဝ ကျော်ပြီ။ ထို့အတူ လက်ဝတ်ရတနာလေးတွေလည်း ရောင်းတာပေါ့။ သို့သော် အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီး တော့ ဈေးကွက်တွေဖြစ်တယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံမှာဖြစ်အောင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းအပြင် တခြားဌာနတွေနဲ့ ပတ်သက်တယ်၊ အားလုံးသက်ဆိုင်တယ်။ ဒါနဲ့ပတ်သက်ပြီးMD ကြီးက ဘယ်လိုများ ဒီအပေါ်မှာ စီမံမှုရှိပါသလဲလို့ မေးချင် ပါတယ်။

 

ဦးအောင်ညွန့်သိန်း။ ။ ကျောက်မျက်ရတနာရဲ့ တန်ဖိုး အစစ်အမှန်ရရှိဖို့သည် အရိုင်း အတိုင်း ရောင်းတာထက် Value added၊ Finish product ဖြစ်ပြီးမှ ရောင်းတာဟာ ထိုက်တန်စွာ တန်ဖိုး ရရှိမှာဖြစ်သလို အချောထည်ထုတ်လုပ်မှုအတွက် ဆင့်ကဲ ဆင့်ကဲ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ ပါရှိတဲ့အတွက် နိုင်ငံအတွင်းမှာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တွေရရှိစေမှာ ဖြစ်ပါတယ်။

 

 

ဦးဇော်ဘိုခန့်တို့ ဆွေးနွေးသလို ကျွန်တော်တို့နိုင်ငံက တကယ်ပင်ရင်းထွက်တဲ့ နိုင်ငံဖြစ်သော်လည်း ဈေးကွက်က တခြားမှာသွားပြီး ဖြစ်ထွန်းနေတာတွေ ရှိပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့က ဒီအပေါ်မှာ ကျွန်တော် တို့ဌာန၊ တခြားဆက်စပ်ဌာနဆိုင်ရာတွေ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေနဲ့ပေါင်းစပ်ပြီးတော့ နိုင်ငံအတွင်း မှာ ဈေးကွက်ပြန်ရဖို့ ဆောင်ရွက်ဖို့လိုအပ်တယ်။ ကျွန်တော် တို့အနေနဲ့ အချောထည်ဘက်ကို လုပ်ငန်းရှင်တွေ သွားနိုင် အောင် တွန်းအားပေးပြီး ဆောင်ရွက်ရမယ်။ အလားတူ အချောထည်တွေဆောင်ရွက်နိုင်မယ့် ကျွမ်းကျင်လုပ်သား တွေ မွေးထုတ်ပေးနိုင်ဖို့လိုတယ်။ အခုဆိုရင် ကျောက်မျက် ရတနာလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး နေပြည်တော် ရွှေကြာ ပင်မှာပဲ ကျောက်မျက်ရတနာသင်တန်းကျောင်းကို ဖွင့်ခဲ့ တယ်။ အခု အမှတ်စဉ် နှစ်ခုအထိ ဖွင့်ခဲ့ပြီးပြီ။ အဲဒီမှာ ကျောက်မျက်ရတနာနဲ့ပတ်သက်တဲ့ အချောထည်လုပ်ငန်း တွေကို တကယ့်လူငယ်တွေကို လေ့ကျင့်ပြီးတော့ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းမှာ ကျွမ်းကျင် တဲ့ လုပ်သားတွေရရှိဖို့ လိုအပ်တယ်။

 

အလားတူပဲ အချောထည်ပြီးတော့ ကျွန်တော်တို့ လက်ဝတ်ရတနာကို ကူးပြောင်းတဲ့အခါမှာ ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာရရှိဖို့ကလည်း အရေးကြီး ပါတယ်။ ဒီနေရာမှာ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး ပြည်ပ ကနေ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွန်တော်တို့က ဈေးကွက်ဝေစု ရရှိရေးကိုလည်း ဦးတည်ပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ငံထဲမှာ ထုတ်လုပ်တဲ့ အချောထည်တွေကို ပြည်ပကို တင်ပို့ရောင်းချတဲ့နေရာမှာ အဆင်ပြေချောမွေ့စွာ ရောင်းချနိုင်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီအတွက် အခြားဆက်စပ်တဲ့ ဝန်ကြီးဌာနတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ Gems Trading Center ဒါမျိုးတွေ ဖွင့်ပြီး ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။

 

ကျွန်တော်တို့ ဒီနေရာမှာ ကြုံကြိုက်လို့ လုပ်ငန်းရှင် တွေနဲ့ ဆွေးနွေးလိုပါတယ်။ ဦးဇော်ဘိုခန့် ဆွေးနွေးသွားသလို ကျောက်မျက်ရတနာသည် ကျွန်တော်တို့နိုင်ငံက ပင်ရင်း ထွက်တဲ့အတွက် ထိုက်တန်တဲ့ဈေးနှုန်းရရှိဖို့ ဈေးကွက် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ လုပ်ငန်းရှင်တွေက ကိုယ်တိုင်တူးတဲ့ပစ္စည်းဟာ ထိုက်တန် တဲ့တန်ဖိုးရရှိဖို့ လိုအပ်ပါတယ်။ အဲဒီက တူးဖော်ထုတ်လုပ် လာတဲ့ ရတနာပစ္စည်းတွေကို ဈေးကွက် ထိန်းချုပ်ရောင်းချ နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအချက်ကိုလည်း ကျောက်မျက် ရတနာလုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံကထွက်တဲ့ ပင်ရင်းကျောက်မျက် ရတနာရဲ့ တန်ဖိုးအစစ်အမှန်ရရှိမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ကျောက်မျက်ရတနာနဲ့ ပတ်သက်ပြီးMD ပြောသွားသလို Finish Product ဈေးကွက်တွေ ဖြစ်စေချင်တယ်။ ပင်ရင်းထွက်တဲ့ နိုင်ငံဖြစ်ပြီးတော့ သူများနိုင်ငံက ဈေးကွက်တွေလိုပဲ ဖြစ်စေချင်တယ်။ အဲဒီမှာတွေ့ရတာက ကျွန်တော်တို့ နိုင်ငံမှာ ထန်းရွက်ပုတီးပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် တခြား နိုင်ငံက ဥပမာSEA Games တုန်းက တံဆိပ်လေးတွေ လုပ်တယ်။ တခြားနိုင်ငံတံဆိပ်တွေနဲ့မတူဘူး။ ကမာကူရ က ဝယ်လာတဲ့ဘုရားနဲ့ ထိုင်းကဝယ်လာတဲ့ မြဘုရားနဲ့ မတူဘူး။ ကျွန်တော်တို့နိုင်ငံက လူတွေက အရည်အသွေး ပိုင်းဆိုင်ရာ ထုတ်လုပ်မှုမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကလည်း ပိုကြိုးစားအားထုတ်ရမယ်လို့ထင်ပါတယ်။ ဥပမာ နိုင်ငံက လုပ်လိုက်တာ လှပါတယ်။ တခြားနိုင်ငံက လက်ဝတ်ရတနာပစ္စည်းလေးတွေနဲ့ ယှဉ်တဲ့အခါ သူတို့ လောက် အနုမစိတ်ဘူးဖြစ်နေတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ဆီမှာ ဈေးကွက်က မဖြစ်တဲ့အပိုင်းမှာ နည်းနည်းများ သက်ဆိုင်သလား။ အဲဒါ အစ်ကို သဘောထားအမြင်လေး သိပါရစေ။

 

ဦးဇော်ဘိုခန့်။ ။ အချောထည် ဈေးကွက်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အခွင့် အလမ်းလည်းရှိတယ်၊ စိန်ခေါ်မှုတွေလည်းရှိတယ်။ အခွင့်အလမ်းက ဘာလဲဆိုတော့ ကျွန်တော်တို့ ပြည်တွင်း မှာထွက်တဲ့ ကျောက်မျက်ရတနာအားလုံးကို တစ်ကမ္ဘာ လုံးက ကြိုက်တယ်။ အိမ်နီးချင်းမှာလည်း ဈေးကွက်ရှိ တယ်။ အခွင့်အလမ်းရှိသလို စိန်ခေါ်မှုက ဘာလဲဆိုတော့ ကျွန်တော်တို့မှာ နည်းပညာ အားနည်းတယ်။ အရိုင်း အတိုင်း ရောင်းတာကို အသားကျနေသလားလို့ပါ။ နည်းပညာ၊ ဈေးကွက်အားလုံးဖြစ်ဖို့ဆိုတာStakeholdersအားလုံးမှာ တာဝန်ရှိပါတယ်။

 

ဥပဒေ၊ နည်းဥပဒေ ရေးဆွဲတာကအစ ကျောက်မျက် ရတနာ တူးဖော်ထုတ်လုပ်တဲ့ နေရာကစပြီး ပြန်ပြောမယ် ဆိုရင် တစ်ဦးချင်းရော အလေ့အကျင့်ကောင်းတွေဖြစ်ဖို့ လိုတယ်။ ကြီးကြပ်စီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ်တွေကလည်း လုပ်ငန်းခွင်တွေမှာ ဥပဒေမဲ့ပြုတဲ့ အပြုအမူတွေ၊ လူအုပ်နဲ့ အနိုင်ကျင့်တဲ့ အပြုအမူတွေကို လျော့ပါးသွားအောင်လည်း ကြီးကြပ်ပေးသင့်တယ်။ ကျွန်တော်တို့ကလည်း ဒီဒေသ တွေမှာ တရားဥပဒေသတ်မှတ်ထားတာကိုလည်း လိုက်နာ ရမယ်။ မလိုက်နာလည်း အရေးယူပေါ့။ နောက်တစ်ဆင့် ကုန်ကြမ်းတွေကရရှိတဲ့အခါမှာ ငွေအရင်းအနှီးပဲဖြစ်ဖြစ်၊ နည်းပညာပဲဖြစ်ဖြစ် ပံ့ပိုးနိုင်မယ်ဆိုရင် ဈေးကွက်ဖြစ်လာမှာ သေချာပါတယ်။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားက စိတ်ဝင် စားတယ်။ ကျွန်တော် မျှော်လင့်ပါတယ်။ နည်းဥပဒေ၊ ဥပဒေလေးတွေ ထွက်လာပြီးရင် ပေါင်းစပ်ရတဲ့ ဌာနတွေ ပေါ့။ အဓိကက အခွန်ဌာနက အရေးကြီးပါတယ်။ ပေါင်းစပ်ညှိနှိုင်းလိုက်ရင် အဖြေထွက်လာမယ် ထင်တယ်။

 

(ဆက်လက်ဖော်ပြပါမည်)

ရှင်မင်းနှင့်အဖွဲ့