အခြေခံကျန်းမာရေးတက္ကသိုလ် သက်တမ်း (၂၄) နှစ်အတွင်း ကျန်းမာရေးမဟာသိပ္ပံဘွဲ့ရ (၆) ဦးနှင့် ကျန်းမာရေးသိပ္ပံဘွဲ့ရမောင်မယ် (၂၁၃၃)ဦး လေ့ကျင့်မွေးထုတ်နိုင်ခဲ့

မကွေး ၂၉ ဇန်နဝါရီ      

အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)၏ သက်တမ်း (၂၄) နှစ်အတွင်း ကျန်းမာရေးမဟာသိပ္ပံဘွဲ့ရ (၆) ဦးနှင့် ကျန်းမာရေးသိပ္ပံဘွဲ့ရ မောင်မယ် (၂၁၃၃) ဦး လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်က အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) မြဧရာခန်းမ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှ သိရသည်။

“မြန်မာနိုင်ငံနှင့် ဒေသအတွင်းဦးဆောင်သော အခြေခံကျန်းမာရေး တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန် ရည်မှန်းချက် (Vision) နှင့် အရည်အချင်းပြည့်ဝသော အခြေခံကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို နှီးနွယ်ဌာနများနှင့်ပူးပေါင်း၍ အပြည့် အဝပေးရန်နှင့် အရည်အသွေးရှိသော ပြည်သူအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဟူသော လုပ်ငန်းတာဝန် (Mission) သုံးခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အခြေခံ ကျန်းမာရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်တဲ့ ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ဘွဲ့ရမောင်မယ် အရေအတွက်ကို ပြန်ကြည့်မယ်ဆိုရင် ကျန်းမာရေးမဟာသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ဘွဲ့ရ (၆) ဦး၊ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ဘွဲ့ရမောင်မယ် (၂၁၃၃) ဦးတို့အပြင် အခြားလက်မှတ်ရ သင်တန်းသားများဖြစ်တဲ့ လက်ထောက် ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်း (၂၃၀၇) ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် - ၁ (၂၇၆၂) ဦးနဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ် -၂ (၇၁၉၃) ဦး စုစုပေါင်း (၁၂၂၆၂) တို့ကို လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်တယ်။ ဒါတင်မက ဆေးတက္ကသိုလ် (မကွေး) မှ အလုပ်သင်ဆရာဝန် စုစုပေါင်း (၄၈၇၅) ဦးနှင့် မကွေးနှင့်ပခုက္ကူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသူ (၉၆၃) ဦး တို့ကိုလည်း လူထုကျန်းမာရေး ပညာရပ်အတွက် ကွင်းဆင်းလေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။” ဟု (၁၆) ကြိမ်မြောက် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုး က ထည့်သွင်းပြောကြားသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ နည်းဗျူဟာ (၃) ရပ်အနက် ပထမ (၂) ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ရောဂါကာကွယ်တားဆီးခြင်း တို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်လို့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းကို မိမိတတ်မြောက်တဲ့ပညာနှင့် ပြန်လည်အလုပ်ကျွေးပြုခြင်းဖြစ်တယ်။ ယခုအချိန်မှာ ဆရာတို့နိုင်ငံဟာ အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) National Health Plan (2017-2021) အရ လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage) ကို အကောင်အထည် ဖော်နေသည်ဖြစ်ရာ မောင်တို့မယ်တို့ကလည်း အခြားကျန်းမာရေး ဝန်ထမ်းများနှင့် လက်တွဲပြီး အောင်မြင်အောင် ဆောင်ရွက်ကြပါ” ဟု  ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက တိုက်တွန်းမှာကြားခဲ့သည်။

အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဘွဲ့အပ်နှင်းပွဲ အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဘွဲ့အပ်နှင်းပွဲ အခမ်းအနားတွင် ကျန်းမာရေးမဟာသိပ္ပံဘွဲ (အခြေခံကျန်းမာရေး) ဘွဲ့ရကျောင်းသူ (၃) ဦးနှင့် ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ဘွဲ့ရမောင်မယ် (၁၃၁) ဦးတို့အား ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းခဲ့ကြောင်းနှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး) (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုညစာစားပွဲကို ညနေ ၆ နာရီတွင် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) မြဧရာခန်းမရှေ့ ရင်ပြင်တွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

 

mdn