မကွေး မတ် ၂၅

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၂၅ ရက် နံနက်ပိုင်းက မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင်  ပြုလုပ်ခရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အခြေခံကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေဘီနှင့် ဆရာ ဆရာမများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လေ့ကျင့်ကြမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား ကျောင်းသူများက ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှု ငြိမ်သက်ပါက အဆောက်အအုံနှင့် လွတ်ကင်းရာ ကွင်းပြင်နေရာများ တွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြသည်။ ဆက်လက်၍ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှု သရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့် သရုပ်ပြသမှုများကို သရုပ်ပြဆောင်ရွက်ကြသည်။

ကိုစည်သူ(မကွေး)