ရန်ကုန် ၁၈ ဧပြီ

 

သင်္ကြန်ကာလပြီးမြောက်၍ ဧပြီလ(၂၁)ရက်နေ့တွင် အစိုးရစစ် စာမေးပွဲများ မပါသော ကျောင်းစစ်စာမေးပွဲများဖြစ်သည့် မူလတန်းမှ အထက်တန်းထိ စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုတွင် မြို့နယ်(၈)မြို့နယ်ရှိသော မြောက်ပိုင်းခရိုင်၌ စနစ်သစ် ပညာရေးစတင်သောနှစ်တွင် အောင်ချက်ရာခိုင်နှုန်းမှာ ယမန်နှစ်ထက် မြင့်မားကြောင်း သိရသည်။

 

 “ထက်၊ လယ်၊ မူ ဒီနှစ်အောင်ချက်ရာခိုင်နှုန်း မြင့်ပါတယ်။ မနှစ်က အောင်ချက်ရာခိုင်နှုန်း (၉၀)ထိ ရှိပေမယ့် ဒီနှစ်(၉၈)ရာခိုင်နှုန်း ထိရှိတယ်။ မြောက်ပိုင်းခရိုင်မှာ မင်္ဂလာဒုံနဲ့ အင်းစိန်က အောင်ချက်အများဆုံးပါ။ ကျောင်းအများဆုံး လှိုင်သာယာဖြစ်ပေမယ့် မူလတန်းအများဆုံးဟာ တိုက်ကြီးမြို့နယ်ဖြစ်ပါတယ်။ စနစ်သစ်ပညာရေးမှာ ကလေးတွေ လိုက်နိုင်မှုရှိတာကို တွေ့ရတယ်။ နှစ်သစ်မှာ ကလေးတွေအတွက် စနစ်သစ်ပညာရေးနဲ့အညီ ထူးချွန်ပေါက်မြောက်အောင် ကြိုးစားသွားမှာပါ။ မြောက်ပိုင်းခရိုင်မှာ မနှစ်ကထက် အောင်ချက်မြင့်မား တာကိုလည်း တွေ့ရမှာပါ” ဟု မြောက်ပိုင်းခရိုင် ပညာရေးမှူး ဒေါ်အေးသန္တာချစ်က ပြောသည်။

 

ခရိုင်လေးခုတွင် မြောက်ပိုင်းခရိုင်သည် ကျောင်းသားများသော ခရိုင်တစ်ခုဖြစ်ပြီး လှိုင်သာယာမြို့နယ် တစ်ခုတည်း၌ အစိုးရ စာသင်ကျောင်းပေါင်း (၅၈)ကျောင်းရှိ၍ ရွှေပြည်သာနှင့် လှိုင်သာယာသည် ကျောင်းသားအများဆုံး မြို့နယ်များဖြစ်ကာ လှိုင်သာယာတွင်အခြေခံကျောင်း၊ ဘုန်တော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတို့မှ ကျောင်းသားဦးရေ (၁၀၉၄၄၈) ဦး၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်တိုင်း တစ်တိုင်းလုံးရှိ ခရိုင်လေးခုတွင် ဧပြီ(၂၁)ရက်နေ့၌ ထွက်ရှိမည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းများ၏ အောင်ချက်အကောင်းဆုံး ခရိုင်ကို ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံးသို့ မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ဝင်းက “ ဧပြီ(၂၁)ရက်နေ့မှ တစ်တိုင်းလုံးရဲ့ အောင်ချက်ကို သိရမှာပါ။ အခုတော့ မသိရသေးပါဘူး” ပြောကြားသည်။

 

သန်းထိုက်

 

ဓာတ်ပုံ -သန်းစိုး